တနင်္သာရီတိုင်း၊ ရေဖြူမှာ စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် အမျိုးသမီးငယ်ရုပ်အလောင်းပြန်တွေ့

By MPM 17 အောက်တိုဘာ, 2023 👁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာ တံတားအနီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် အမျိုးသမီးငယ်တစ်ဦး၏ ရုပ်အလောင်းကို သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့ရှိသူ အသက် ၂၀ ဝန်းကျင်အရွယ် မစန္ဒာခိုင်အပါအဝင် ဒေသခံ ၈ ဦးကို စစ်ကောင်စီစစ်ကြောင်းက ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့က ရေဖြူမြို့နယ် ခမောက်ချောင်းရွာမှ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မစန္ဒာခိုင်၏ ရုပ်အလောင်းကို အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝက်ချောင်းကျေးရွာတံတားအနီး သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မစန္ဒာခိုင်၏ ရုပ်အလောင်း ပြန်တွေ့ချိန်တွင် မျက်နှာကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သွေးအိုင်ထဲ သေဆုံးနေသည်ကို လမ်းသွားလမ်းလာပြည်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံများ၏အဆိုအရ စစ်ကောင်စီတပ် ဖမ်းဆီးသွားသည့် ဒေသခံ ၈ ဦးတွင် ၆ ဦးမှာ ပြန်လွတ်လာသော်လည်း မစန္ဒာခိုင်နှင့် ကိုသားဂန်းတို့ ၂ ဦးကို ဆက်လက်ဖမ်းဆီးထားကြောင်း သိရသည်။

သို့သော် ယခုဖြစ်စဉ်တွင် မစန္ဒာခိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခြင်းလား၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုက သတ်ဖြတ်ခဲ့ခြင်းလားဆိုသည်ကို တိတိကျကျ မသိရှိသေးကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတချို့က မစန္ဒာခိုင်သည် စစ်ကောင်စီတပ် ဖမ်းဆီးခံရပြီး အောက်တိုဘာ ပထမအပတ်အတွင်း ပြန်လွတ်လာကာ အောက်တိုဘာ ၁၄ ရက်နေ့တွင် အရပ်ဝတ် လက်နက်ကိုင်များက ထပ်မံဖမ်းဆီးသွားသည်ဟု ပြောဆိုမှုလည်း ရှိနေသည်။

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အရပ်သား ၂၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး အများစုမှာ လက်သည်မပေါ်ကြောင်းလည်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။