တနင်္သာရီတိုင်းတွင် ယခုနှစ်စမှ ၉ အတွင်းနေအိမ် ၇၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

By MPM 17 အောက်တိုဘာ, 2023 👁

တနင်္သာရီတိုင်းတွင် ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း စစ်ကောင်စီတပ်က ဒေသခံနေအိမ် ၆၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တနင်္သာရီအခြေစိုက် လွတ်လပ်သောသုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ ထုတ်ပြန်ချက်အရ သိရသည်။

FE3 Tanintharyi ၏ ထုတ်ပြန်ချက်တွင် ပုလောမြို့နယ်တွင် နေအိမ် ၃၈၀ ကျော်၊ လောင်းလုံးမြို့နယ်တွင် ၁၈၀ နီးပါး၊ ထားဝယ်မြို့နယ်တွင် နေအိမ် အလုံး ၃၀ ကျော်၊ သရက်ချောင်းမြို့နယ်တွင် ၂၀ နီးပါး၊ ရေဖြူမြို့ နယ်တွင် ၂၅ လုံး၊ တနင်္သာရီမြို့နယ်တွင် ၃၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြပါသည်။

ဒေသခံနေအိမ်များသည် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များထံ အားပေးကူညီ ထောက်ပံ့နေသည်ဆိုသော စွပ်စွဲချက်များဖြင့် မီးရှို့ဖျက်ဆီးခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

ပုံစာ – တနင်္သာရီတိုင်းတွင် နေအိမ် ၇၀၀ နီးပါးမီးရှို့ဖျက်ဆီးခံရ။ (Photo-Social Media)

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူက စစ်ကောင်စီတပ်၏ နေအိမ်မီးရှို့ ဖျက်ဆီးမှုဟာ ပြည်သူတွေ PDF များထံ ထောက်ပံ့မှု မလုပ်နိုင်အောင် အကြောက်တရားသွင်းသည့် လုပ်ရပ်ဖြစ် သည်ဟု ဝေဖန်ပြောဆိုပါသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်သည် ကျေးရွာတွေထဲ စစ်ကြောင်းထိုးစဉ် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်းနှင့် နေအိမ်မီးရှို့ခြင်း၊ နေအိမ်များကို မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်း ယူဆောင်ခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူ ၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း သိရသည်။

သုတေသနအဖွဲ့ဖြစ်သည့် ISP – Myanmar ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံတဝန်းမှာ နေအိမ် ၈၆,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ယင်းတို့ထဲတွင် စစ်ကိုင်းတိုင်းက အများဆုံး ပါဝင်နေကြောင်း စက်တင်ဘာ ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။