တကျော့ပြန် ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပြင်းထန်နေ

By MPM 22 ဩဂုတ်, 2024 👁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို တော်လှန်ရေးအင်အားစုများကတကျော့ပြန် မြို့သိမ်းတိုက်ပွဲ ပြန်လည်ဆင်နွဲနေတာကြောင့် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီက ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောဆိုသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကို ၂၀၂၃ ခုနှစ်အတွင်းက စတင်ဆင်နွဲတိုက်ခိုက်ခဲ့ရာ၌ မအောင်မြင်ခဲ့သဖြင့် တော်လှန်ရေးအင်အားစုများက ထီးချိုင့်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် မြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၉ ရက်နေ့ကစတင်၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောပါသည်။

ထီးချိုင့်ဒေသခံ အမျိုးသမီးတစ်ဦးက “မနက် ၅ နာရီလောက်က စဖြစ်တာ။ လေယာဥ်ပတ်တာက ၄ နာရီ မတ်တင်းလောက်ကြီးနဲ့ ပတ်နေတာ။ လေယာဥ်ပစ်ပြီးသွားရင် မီးခိုးတွေပေါက်တကရ မှောင်တော့တာကြီးကို။ ပေါက်ကုန်းကနေ မျှော်ကြည့်လိုက်ရင် မီးခိုးတွေက တောက်လျှောက်မှောင်တက်နေတာပါဆို။ မီးခိုးတွေက သူတို့ လေယာဥ်ပစ်သွားပြီဆိုရင် အဆောက်အဦးတွေလောင်တဲ့ပုံစံမျိုးတွေလေ၊ အဲ့လိုကို ဖြစ်နေတာ” ဟု ပြောသည်။

စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတိုက်လေယာဉ်နှင့် ထောက်ပို့လေယာဉ်အမျိုးအစား Y-12 တို့နှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ဩဂုတ် ၂၀ ရက်နေ့တွင် ၆၇ လုံး ၊ ဩဂုတ် ၂၁ ရက်နေ့တွင် ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ထီးချိုင့်မြို့၏ တော်လှန်ရေးသတင်းများကို ဖော်ပြနေသည့် Tigyaing Revolution – TR က ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများက ထီးချိုင့်မြို့ကို သိမ်းပိုက်ရရှိနိုင်ရန် စစ်ကောင်စီတပ်စခန်း ၄ ခုကိုသာ တိုက်ခိုက်ရန်ကျန်ရှိတော့ကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့ နှစ်ရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကုက္ကိုလ်ကုန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် ကျေးရွာများအတွင်းရှိ နေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါနှစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ် လုပ်ခဲ့ကြောင်းနှင့် နီတာကျေးရွာတွင်လည်း စစ်ကောင်စီ၏ လေကြောင်တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးနှင် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

တော်လှန်ရေးအင်အားစုများက တကျော့ပြန် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ မစတင်မီ တစ်ပတ်အလိုကတည်းက ဒေသခံများကို နေရာရွေ့ပြောင်းကြရန်ကိုလည်း အသိပေးခဲ့မှုများ ရှိခဲ့သည်ဟု ထီးချိုင့်ဒေသခံနောက်တစ်ဦးက ပြောဆိုသည်။

“တိမ်းခိုင်းတာတော့ ကုက္ကိုလ်ကုန်းရယ်၊ တည်တောရယ်၊ သခွပ်ချောင်ရယ်ပေါ့ကွယ်။ ရွေ့ခိုင်းထားတာပါ့။ ကြက်သွန်ခင်းတော့ မပါဘူးပြောတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲကြောင့် ကုက္ကိုလ်ကုန်း၊ နီတာ၊ နဝရက်၊ စံပြ၊ မြတောင်ကျေးရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး မြို့အနီးကျေးရွာများတွင်လည်း နှစ်ဖက်တပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများထံက သိရသည်။

ထီးချိုင့်မြို့ပေါ်ရှိ ဒေသခံများ အားလုံးနီးပါးသည် ၂၀၂၃ ခုနှစ်က ဆင်နွဲတိုက်ခိုက်ခဲ့သည့် မြို့သိမ်းတိုက်ပွဲကြောင့် မြို့တစ်ဖက်ကမ်းရှိ မြတောင်၊ မောင်းကုန်းကျေးရွာနှင့် အလည်တောကျေးရွာတို့တွင် စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။