တကောင်းနီကယ်စက်ရုံ လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားနှင့်ရဲတပ်သား ၈၀ နီးပါး အလင်းဝင်ရောက်

0
257
ပုံစာ - တကောင်းနီကယ်စက်ရုံသို့ သွားရာလမ်းပိုင်း (ပုံဟောင်းဖြစ်ပါသည်)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာရှိ တရုတ်နိုင်ငံပိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တကောင်းနီကယ်စက်ရုံကို လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၈၀ နီးပါးသည် ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ခဲ့ကြောင်း နီကယ်စက်ရုံမှ စုံစမ်းသိရသည်။

နီကယ်စက်ရုံဝန်ထမ်း အလုပ်သမားတစ်ဦးက “၂၇ ရက်နေ့ သူတို့ အလင်းဝင်တာ နေ့လယ်ပေါ့ဗျာ။ ၇၄ ယောက် ပါတယ်။ တရုတ်ကလည်း သူ့အထဲမှာ တိုက်ပွဲ အဖြစ်မခံဘူးလေ။ သူ့စက်ရုံကို ကျည်ဆန်တစ်ပေါက် မှန်တာနဲ့ ဘယ်လောက်ဆိုတာ သူတို့လျော်ရမှာ။ အဲ့ကြတော့ မင်းအောင်လှိုင်က အဖြစ်မခံဘူးနေမှာပါ။ အဲ့ကောင်တွေက လက်နက်ချ အလင်းဝင်လိုက်တာ သေနတ်တောင် မပစ်လိုက်ရဘူး။ ညှိနှိုင်းပြီးမှ အလင်းဝင်ခိုင်းလိုက်တာ” ဟု ပြောသည်။

နီကယ်စက်ရုံအလုပ်သမားတန်းလျားတွင် ဝင်ရောက်နေရာယူထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ ၇၄ ဦး၊ နီကယ်တောင်ပေါ်တွင် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ ၁၁ ဦး စုစုပေါင်း ၈၅ ဦး လက်နက်ချ အလင်းဝင်ရောက်ကြောင်း စက်ရုံနှင့် နီးစပ်သူများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့က နီကယ်စက်ရုံကို လုံခြုံရေးယူထားသည့် စစ်ကောင်စီရဲကင်းအား KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များက နီကယ်စက်ရုံဝန်းအတွင်းရှိ အလုပ်သမားတန်းလျားသို့ ဝင်ရောက်ပြောင်းရွှေ့ နေရာယူခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။

ယင်းသို့ ပြောင်းရွေ့ပြီးသည့် နောက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့နှင့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့တို့ အကြိမ်ကြိမ် ညှိနှိုင်းမှုပြုလုပ်ပြီးနောက်ပိုင်း လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို မောင်းကုန်း ကျေးရွာသူရွာသားများက ကြိုဆိုပွဲတရပ်လည်းပြုလုပ်ခဲ့ကြသည်ဟု စစ်ရှောင်လာသည့် ထီးချိုင့်ဒေသခံတစ်ဦးက ပြောဆိုသည်။

“အလင်းဝင်လာတဲ့သူတွေကို မောင်းကုန်းမှာ ပန်းကုန်းတွေ သပြေပန်းတွေနဲ့ ကြိုဆိုကြတယ်။ အခုက လိုင်းတွေက ပျက်နေတာ စက်ရုံဘက်က ဖုန်းဆက်ခဲ့လို့ သိရတာ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံ၏ ပဋိပက္ခများအတွင်း တရုတ်စီမံကိန်းများ၊ စီးပွားရေးနှင့် ၎င်းတို့ဝန်ထမ်းများ ထိခိုက်မှုမရှိစေရန် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောဆိုထားပါသည်။

တကောင်းတောင်နီကယ်စီမံကိန်းကို ၂၀၀၈ ခုနှစ်က စတင်ပြီး အမှတ် (၁) သတ္တုတွင်းလုပ်ငန်းနဲ့ တရုတ်နိုင်ငံပိုင် China Nonferrous Metal Mining(CNMM) ကုမ္ပဏီတို့ အကျိုးအမြတ် ခွဲဝေခံစားစနစ်နှင့် စတင်လုပ်ကိုင်ခဲ့သည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here