စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာရှိ တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဖြစ်သည့် တကောင်းတောင် နီကယ်စက်ရုံစီမံကိန်းသည် စက်တင်ဘာလ ၃ ရက်နေ့မှစပြီး တစ်နှစ်ရပ်နားလိုက်ပြီဖြစ်ကြောင်း စက်ရုံနှင့် နီးစပ်သူများထံမှ သိရသည်။
“တစ်နှစ်နားလိုက်ပြီ။ တချို့ဝန်ထမ်းတွေကတော့ ဒီတိုင်းတိုင်းနေပေါ့၊ လစာထုတ်ပြီး ခန့်ထားတယ်။ တချို့ဝန်ထမ်းတွေကတော့ ပြန်ကြပြီ။ မောင်းကုန်းကလည်း အပစ်ခံရတယ်။ တစ်နှစ်ပိတ်လိုက်တယ်ဆိုတော့ သိပ်အခြေနေမကောင်းဘူး” ဟု စက်ရုံနှင့်နီးစပ်သူ ဒေသခံတစ်ဦးက ပြောဆိုသည်။
စက်ရုံရပ်နားမှုသည် စီမံကိန်းအနီး စစ်ကောင်စီ၏ လေကြောင်းမှပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် တစ်ရက်အကြာတွင် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းတည်ရှိသည့် မောင်းကုန်းကျေးရွာကို အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ PDF တပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီး တစ်လအကြာတွင် ပိတ်သိမ်းလိုက်ခြင်းလည်း ဖြစ်သည်။
မောင်းကုန်းကျေးရွာကို NUG က သိမ်းပိုက်ပြီး ရက်ပိုင်းအကြာတွင် နီကယ်စီမံကိန်းနှင့်ပတ်သက်ပြီ တရုတ်နိုင်ငံက NUG နဲ့ ဆက်သွယ်မှုရှိလာပြီး စက်ရုံအတွင်းရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးအပါအဝင် စီမံကိန်း ပုံမှန်လည်ပတ်နိုင်ရေးအတွက် လုံခြုံရေးကိုလည်း NUG က တာဝန်ယူပေးထားသည်ဟု NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက Myanmar Now မှာ ဖြေဆိုထားသည်။
“လည်ပတ်ဖို့ရာ မလွယ်လို့မဟုတ်ပါဘူ၊ နိုင်ငံရေးအရှုပ်အရှင်းထဲမပါချင်လို့ ခဏနားပေးလိုက်တဲ့ပုံစံမျိုး စစ်တပ်ဘက်က သိပ်ပြီးတော့လုံခြုံရေးမပေးနိုင်တဲ့အခါကြတော့ ဟိုဘက် (NUG) နဲ့လုပ်ရမယ်ဆိုရင်လည်း ဒီဘက် (စစ်ကောင်စီ) က လေယဉ်နဲ့ လာကြဲမှာဆိုတော့ ပဲလှော်ကြားဆားညှပ်ဖြစ်မှာစိုးလို့ မလည်ဘဲနဲ့ ရပ်တန့်ထားတာ” လို့ စက်ရုံဝန်ထမ်း၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
ဒါ့အပြင် လတ်တလောတွင် စီမံကိန်းအတွက် လိုအပ်သော လောင်စာဖြစ်သည့် ကျောက်မီးသွေးနဲ့ ဒီဇယ်များသည် မန္တလေး၊ ရန်ကုန် စတဲ့ မြို့တွေကနေ သယ်ယူနေရပြီး လက်ရှိမှာ လမ်းကြောင်းပိတ်ဆို့မှုများနှင့် လိုအပ်သလိုမရရှိခြင်းကြောင့် ရပ်နားရသည့် အကြောင်းအရင်းတစ်ခုဖြစ်တယ်လို့ စက်ရုံနဲ့ နီးစပ်သူတစ်ဦးက ဆိုသည်။
စီမံကိန်းရပ်နားမှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာများက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
တကောင်းတောင် နီကယ်စီမံကိန်းသည် တရုတ်နိုင်ငံသားတွေအပါအဝင် မြန်မာအလုပ်သမား စုစုပေါင်း တစ်ထောင်ကျော်နှင့် လည်ပတ်နေသည်။
ယင်းစီမံကိန်း တရုတ်နိုင်ငံပိုင် သတ္တုတူးဖော်ရေးကုမ္ပဏီ China Nonferrous Metal Mining and Construction စီမံကန်းတစ်ခုဖြစ်ကာ အမေရိကန်ဒေါ်လာ ၈၅၅ သန်း ရင်းနှီးမြှုပ်နှံထားသော မြန်မာနိုင်ငံတွင် အကြီးမားဆုံး နီကယ်ထုတ်လုပ်ရေး စီမံကိန်းတစ်ခု ဖြစ်သည်။
ရှမ်းနီအသံ ပေးပို့သည်။