ညောင်လေးပင်ခရိုင်အတွင်း မြို့နယ်နှစ်ခုတွင် စစ်ကောင်စီတပ်အင်အားတိုးချဲ့တာကြောင့် စစ်ရေးတင်းမာနေ

By MPM 19 အောက်တိုဘာ, 2023 👁

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ရွှေကျင် (ဆောထိ) မြို့နယ်နှင့် ကျောက်တံခါး မြို့နယ်ဘက်တို့တွင် စစ်ကောင်စီက တပ်အင်အားတိုးချဲ့ထားပြီး တပ်ဖြန့်လှုပ်ရှားနေလို့ စစ်ရေးတင်းမာနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ပိန်းဇလုပ်နဲ့ တော်ဝီရွာ အကြားရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအား အမည်မသိအဖွဲ့မှ မိုင်းခွဲ ဖျက်ဆီးပြီးနောက်မှစ၍ စစ်ကောင်စီက ဆောထိ(ရွှေကျင်) မြို့နယ်၊ ပိန်းဇလုပ်မြို့နှင့် ကျောက်တံခါးမြို့နယ်၊ မျက်ရဲနှင့် နံဇရွာများဘက်တွင် တပ်အင်အားများ ဖြည့်တင်းထားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“မျက်ရဲရွာဘက်မှာ ဒီမနက်ပဲ ရောက်လာတာ စစ်တပ်အင်အား ရာဂဏန်းလောက် ရှိတယ်။ လက်နက်ကြီး ကလည်း ဒီနေ့အထိက ပတ်ပတ်လည်ကနေ ထုနေတာပဲ။ ခုလည်း အဲဒီဘက်မှာရှိနေတဲ့ KNU ပူးပေါင်းအဖွဲ့နဲ့ တိုက်ပွဲဖြစ်ဖို့ ဆိုင်ထားကြပြီ ပြောတယ်။ အဓိက စစ်တပ်က နေရာမသိတော့ ရမ်းသမ်းပြီး ထုတယ်။ သတင်းထုတ်တဲ့အချိန်မှ ပြည်သူထိလား ရဲဘော်ထိလား ဆိုတာကို စောင့်မယ်၊ ပြီးရင် မှန်းချမယ့်သဘော” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပိန်းဇလုပ်နှင့်အနီး တဝိုက်တွင်လည်း ရထားလမ်း ပျက်စီးပြီးနောက်ပိုင်း တပ်အင်အားများအပါအဝင် စစ်သုံးယာဥ်များပါ ဖြည့်တင်းထားကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။

ထို့အတူ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု အများအပြား ခံရသောကြောင့် ပိန်းဇလုပ်ရွာမဘက်မှ ပိန်းဇလုပ် မြို့ပေါ်သို့ ရွှေ့ပြောင်းနေထိုင်ရသူ အများစုမှာ စပါးရိတ်သိမ်းချိန်သာ နေအိမ်ပြန် လုပ်ကိုင်ကြရ သလို မြို့အတွင်း အဝင်အထွက်ကို ထောက်ခံစာပါမှ သွားလာရသည်အထိ သွားလာရေး အခက်အခဲ ရှိနေသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ဘက်ကရွာတွေမှာ လူတောင် သိပ်မရှိတော့ဘူး။ ပိန်းဇလုပ်မြို့ပေါ်မှာပဲ သွားနေကြတာ များတယ်။ လယ်လုပ်တဲ့သူများတော့ စပါးရိက်တဲ့ရာသီ ရွာပြန်ကြရဦးမယ်၊ ညကျရင် မြို့ပြန်တက်အိပ်ပေါ့။ မြို့ပေါ်က စစ်တပ်ထိုင်တဲ့ နေရာဆိုတော့ လက်နက်ကြီး အန္တရာယ်ကင်းတယ်လေ၊ ရွာမဘက်က လက်တစ်ကမ်းတင် ဆိုတော့ ပိုခံရတယ်။ အဲဒါကြောင့် လူသိပ်မနေကြတော့တာ။ မြို့ထဲလည်း လူစိမ်းသွားလို့ မလွယ်ပါဘူး။ ဒေသခံတောင် အုပ်ချုပ်ရေးမှူး ထောက်ခံစာနဲ့မှ သွားလို့လာလို့ရတယ်” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ပိန်းဇလုပ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တော်ဝီရွာ၊ ရေကြည်ချောင်းရွာရှိ စစ်ကောင်စီ တပ်စခန်းများမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ချုံအင်းကျေးရွာနေ ဒေသခံ ၃ ဦးနှင့် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ယင်းနေ့တွင်ပင် ပိန်းဇလုပ်တပ်နှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၂၀ တို့မှ ရွာသာရွာနှင့် ပျင်ရေကြီးရွာများ အတွင်းသို့ လည်းကောင်း၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် ပိန်းဇလုပ်တပ်မှ ခရုကုန်း လယ်ကွင်း၊ ရေတွင်းကုန်းနှင့် တောင်ခင်းကျေးရွာများ အတွင်းသို့ လည်းကောင်း လက်နက်ကြီးများ ထပ်မံ ပစ်ခတ်ခဲ့ရာ ဒေသခံများ၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ရကြောင်း KNU က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်မှ လုံခြုံရေး ချထားသည့်ကြားမှ အောက်တိုဘာ ၁၇ ရက်နေ့က မိုင်းခွဲဖျက်ဆီးခံခဲ့ရသော အဆိုပါ ရန်ကုန်-မန္တလေး အစုန်အဆန် ရထားလမ်း ပျက်စီးပြီးနောက် ဖြတ်သန်းသွားလာရမည့် ခရီးစဥ်များ ရပ်နားခဲ့ရကြောင်း မြန်မာ့မီးရထား၏ တာဝန်ရှိသူများက အသိပေး ပြောဆိုထားသည်။

ကေအိုင်စီ ပေးပို့သည်။