အာဏာသိမ်းစစ်တပ်က အရပ်သားများ ဆေးကုသမှုခံယူနေသည့် ဆေးရုံဆေးခန်းများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများပြုလုပ်နေသော်ငြား ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု စောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
စစ်အုပ်စုတပ်သည် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခု နှစ်ကုန်ပိုင်းအထိ ဆေးရုံ၊ ဆေးခန်းများအား လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ မြေပြင်စစ်ကြောင်းဖြင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်လျက်ရှိနေသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် စစ်အုပ်စုတပ်၏ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ခြမ်း၊ လျှော်ဖြူကုန်းရွာရှိ ပြည်သူ့ဆေးရုံကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာန ကောလင်းမြို့နယ် ကျန်းမာရေးတာဝန်ခံ အသက် ၃၈ နှစ်အရွယ် ဒေါက်တာဇာနည်ထွန်း (ခ) ဆရာပွကြီးနှင့် ဆေးတက္ကသိုလ်တက်ရန် လျှောက်ထားဆဲဖြစ်သည့် အသက် ၁၉ နှစ်အရွယ် ကျန်းမာရေးဝန်ထမ်း မောင်ထက်သူအောင်တို့ သေဆုံးပြီး အခြား ကျန်းမာရေးဝန်ထမ်း ငါးဦး ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
NUG ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ကာလအတွင်း စစ်အုပ်စုတပ်၏ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် နေရာများ ပစ်မှတ်ထား တိုက်ခိုက်မှုများကြောင့် ကျန်းမာရေးဝန်ထမ်း ၁၇၆ ဦး သတ်ဖြတ်ခံခဲ့ရသလို ၉၉၅ ဦး ဖမ်းဆီးခံခဲ့ရပြီး တိုက်ခိုက်မှုများကြောင့် ဆေးရုံဆေးခန်းအဆောက်အဦ ၅၂၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အခက်အခဲများ နှင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသော်ငြား ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများ နှင့် လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စစ်အုပ်စုတပ်၏ ကျန်းမာရေးကဏ္ဍဆိုင်ရာများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း NUG ကဆိုထားသည်။
NUG အနေဖြင့် စစ်အုပ်စုတပ်၏ ထိုကဲ့သို့သော တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း၊ ထိုတိုက်ခိုက်မှုများအတွက် တရားမျှတမှုများအား ဆောင်ကျဉ်းကာ အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် စစ်အုပ်စုနှင့် လက်ပါးစေကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများကြောင့် ကျဆုံးသွားရသည့် ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများ၊ လူနာများ၊ ပြည်သူများ၊ တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတကာအနေဖြင့်လည်း ထိခိုက်ခံစားနေရသည့် ပြည်သူများဘက်၌ စာနာရပ်တည်ပေးရန်လိုအပ်ကြောင်းနှင့် စစ်အုပ်စုတပ်၏ မြန်မာပြည်တွင်း ကျန်းမာရေးကဏ္ဍအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် ပစ်မှတ်ထားသည့် စစ်အုပ်စု၏ တိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား လျစ်လျှူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းများ အသုံးပြုပြီး ထိရောက်မြန်ဆန်စွာ တားဆီးအရေးယူပေးရန် တိုက်တွန်းထားသည်။
မဇ္ဈိမ