ဆေးရုံ၊ ဆေးခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ပေးရန် အမ်းဒေသခံများ လိုလား

By MPM 30 မတ်, 2026 👁 1

ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးပေးခန်းများ မလုံလောက်မှုကြောင့် ကုသရေးအခက်အခဲများ ဖြစ်ပေါ်နေဖြင့် ULA/AA က ကူညီဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။

အမ်းဒေသခံများမှာ ဆေးဝါးခက်ခဲမှုအပါအဝင် သာမာန် နှာစေး၊ ချောင်းဆိုး စသည့် ရောဂါများအတွက်ပင် ဆေးပေးခန်းများ မလုံလောက်ဖြစ်နေသဖြင့် အခြားမြို့နယ်များတွင် ဆေးကုသမှု ခံယူနေကြရသည်။

“ဒီမှာက ငှက်ဖျား တအား ပေါတယ်။ ပြီးရင် တောထဲက စိမ့်စမ်းရေတွေကို အသုံးများကြတာဆိုတော့ ဝမ်းရောဂါလည်း မကြာမကြာ ဖြစ်ကြတယ်။ ဒါကိုတောင် ကုဖို့ ဆေးခန်းမရှိဘူး။ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ အခြားမြို့တွေမှာ သွားကုရတယ်” ဟု အမ်းမြို့နယ် ထန်းချောင်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အမ်းဒေသတွင် ရောဂါများမှာ ငှက်ဖျားနှင့် ဝမ်းရောဂါအဖြစ်များတတ်ပြီး အရေးပေါ်ဆေးကုသပေးနိုင်မည့် ဆရာဝန်နှင့် ဆေးပေးခန်းများ မရှိသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကျေးရွာအုပ်စုတစ်စုတွင် ကျန်းမာရေးဌာနတစ်ခုစီ ထားပေးရန် တောင်းဆိုနေကြသည်။

အမ်းမြို့နယ်သည် ရခိုင်ရိုးမတောင်ခြေအောက်တွင် တည်ရှိပြီး ကျေးရွာအမြောက်အများမှာ ဝေးလွန်ခေါင်သီ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော နေရာများတွင် တည်ရှိနေကြသည်။

အဆိုပါနေရာများတွင် ကျန်းမာရေးအသိပညာ အားနည်းခြင်း၊ ဆေးပေးခန်းများ မလုံလောက်ခြင်း၊ ဆေးဝါးခက်ခဲခြင်း စသည်တို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းကွာဝေးနေကြရခြင်းဖြစ်သည်။

“လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရွာက လူတွေဆိုရင် လူနာကို ထမ်းစင်လုပ်ပြီးတော့ ကျနော်တို့ရွာကို အရင် ယူလာရတယ်။ ပြီးရင် ဆေးရုံရှိတဲ့ နေရာကိုသွားဖို့ ပိုက်ဆံတွေ ချေးငှား၊ မော်တော်ကားလိုက်ငှား ဒီလိုနဲ့ အချိန်တွေကုန်ပြီး လူနာတွေ အသက်ဆုံးရှုံးသွားရတာ မနည်းရှိတယ်” ဟု ထန်းချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် ကျေးရွာပေါင်း ၂၄၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်း နှစ်သောင်းကျော် နေထိုင်ကာ ရခိုင်လူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ချင်းမျိုးနွယ်စု ၃၀ ရာခိုင်နှုန်းခန့် နေထိုင်ကြောင်း ၂၀၁၄ သန်းခေါင်စာရင်းတွင် ဖော်ပြသည်။

အမ်းမြို့နယ်ရှိ ကျေးရွာအများစုသည် ယခင် စစ်ကောင်စီလက်ထက်ကတည်းက ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့ခြင်းဖြစ်ပြီး အသက်ငါးနှစ်အောက် ကလေးသေဆုံးမှုမှာ ရခိုင်ပြည်ရှိ မြို့နယ်များထဲတွင် အမြင့်ဆုံးဖြစ်ကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

ရခိုင်မြို့သိမ်းတိုက်ပွဲများ စတင်ပြီးနောက် စစ်ကောင်စီက စားနပ်ရိက္ခာနှင့် ဆေးဝါးများကို ဖြတ်တောက် ပိတ်ဆို့ထားသဖြင့် ကျေးလက်နေ ပြည်သူများနှင့် စစ်ဘေးရှောင်များမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာနှင့် စိန်ခေါ်မှုများ ယခင်ထက် ပိုမိုရင်ဆိုင်လာကြရခြင်းဖြစ်သည်။

“ဒီရွာထဲမှာ ၇ လ အရွယ်ကလေး ဆုံးသွားတာ ၃ လလောက်ပဲ ရှိသေးတယ်။ ဆေးကုသွားဖို့ကို မပြောနဲ့ လမ်းစရိတ်တောင် မတတ်နိုင်လို့ ကလေး နေမကောင်းဖြစ်နေတာ ဒီအတိုင်း ကြည့်နေကြရတယ်။ အနီး အနားမှာ ဆရာဝန်တွေ ရှိခဲ့မယ်ဆိုရင် အနည်းဆုံး ဘာရောဂါနဲ့ ဆုံးတယ်ဆိုတာလောက်ကို သိရမှာ” ဟု အမ်းမြို့နယ် ကံ့ကော်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားတစ်ဘက်တွင် ULA/AA ၏ အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် အမ်းမြို့နယ်အတွင်း နယ်လှည့် ဆေးကုသပေးမှုများ ရှိကြောင်း သိရသော်လည်း ဝေလွန်ခေါင်ဖျားသည့် ကျေးရွာများကို ရောက်ရှိမှု နည်းပါးကြောင်း ဒေသခံများက ပြောဆိုကြသည်။

အမ်းမြို့နယ်ကို ပြီးခဲ့သည့် ၂၀၂၅ ဒီဇင်ဘာတွင် အာရက္ခတပ်တော်က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး လက်ရှိမှာ ULA/AA က အုပ်ချုပ်ရေးယန္တယားများကို ဖော်ဆောင်နေသဖြင့် အရေးပေါ်လိုအပ်နေသည့် ဆေးဝါးများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တောင်းဆိုနေကြခြင်းဖြစ်သည်။

DMG