၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစ၍ ရခိုင်ဒေသကို စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ပိတ်ဆို့ထားပြီး ဆေးဝါးတင်သွင်းခွင့်လည်း တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတာကြောင့် ရခိုင်ရှိ တီဘီရောဂါသည်များမှာ ဆေးဝါးပြတ်လပ်ကာ အသက်သေဆုံးမှုထိ ရှိလာနေကြောင်း ကျန်းမာရေးအသိုင်းဝိုင်းမှ သိရှိရသည်။
ယခင်ကာလများက တီဘီရောဂါ ဖြစ်ပွားနေသူများကို အစိုးရနှင့်၊ NGO၊ INGO ကျန်းမာရေးအဖွဲ့အစည်းများက ဆေးဝါးအခမဲ့ ကူညီထောက်ပံ့မှုများရှိသော်လည်း ယခုအခါ ဆေးဝါးထောက်ပံမှုများ မရှိတော့ပေ။
ရခိုင်မြောက်ပိုင်းမြို့တစ်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦးက “တီဘီဆေးက လုံးဝကို ရှာမရ တော့ဘူး။ အရင်ကတော့ ဆေးရုံမှာ တီဘီရောဂါဖြစ်နေသူတွေကို ဆေးဝါးထောက်ပံ့တာတွေရှိတယ်။ အခုတော့ တီဘီဆေးက လုံးဝမရှိတော့လို့ သူတို့တွေကို ရောဂါအခြေအနေ မဆိုးအောင်နဲ့ တခြားကူးစက်ရောဂါတွေ မဖြစ်အောင်အတွက် အစားထိုး ပိုးသတ်ဆေးတွေပဲ ပေးထားရတယ်။ ဒါပေမဲ့ တီဘီရောဂါသည်တွေက အဆုတ်မကောင်းကြတာကြောင့် ဆေးပြတ်ပြီး သေဆုံးကြသူတွေလည်း ရှိကြတယ်” ဟု ပြောသည်။
နာတာရှည်ရောဂါဖြစ်သည့် တီဘီရောဂါမှာ ဆေး ၆ လစာကို မပြတ်တမ်းသောက်ရပြီး လက်ရှိတွင် ဆေးဝါးပြတ်လပ်သွား၍ ရောဂါဒဏ်ကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော် ရခိုင်တပြည်လုံး အတိုင်းအတာဖြင့် သေဆုံးသူအရေအတွက် အတိအကျကို သိရှိရန် ခက်ခဲနေသည်။
“ကျမဆီမှာ ဆေးလာရှာတဲ့ တီဘီရောဂါသည်အချို့ ဆုံးသွးပြီလို့ သိရတယ်” ဟု ရခိုင်မြောက်ပိုင်းဒေသက သူနာပြုဆရာမတစ်ဦးက ပြောဆိုသည်။
ရခိုင်တွင် စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ခရီးစရိတ် အဆမတန်ကြီးမြင့်နေပြီး ငွေကြေးမတတ်နိုင်သည့် တီဘီရောဂါ ဖြစ်ပွားနေသူများသည် ဆေးရုံ၊ ဆေးခန်းများတွင် ကုသနိုင်ခြင်း မရှိကြတော့ကြောင်း သိရသည်။
ကျောက်တော်မြို့နယ် လမ်းပိုက်ခွင်ရွာမှာ ဒေသခံတစ်ဦးက “တီဘီဖြစ်ပွားနေတဲ့ ကျနော့်ဆွေမျိုးတစ်ယောက် ဒီရက်ပိုင်းတွေမှာ ကျန်းမာရေးက အရမ်းကို ဆိုးရွားလာတယ်။ ဆေးပြတ်ပြီးတော့ ဆေးမသောက်ရလို့ ခန္ဓာကိုယ်က အရမ်းကိုပိန်လာပြီးတော့ အခြေအနေမကောင်းတော့ဘူး။ နီးစပ်ရာ ဆေးရုံဆေးခန်းတွေကို သွားတော့လည်း ဆေးရှာမရဘူး ဖြစ်နေတယ်” ဟု ပြောသည်။
ဆေးပုံမှန် မသောက်ခြင်း၊ ဆေးယဉ်ပါး တီဘီဖြစ်ပွားနှုန်း များခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် တီဘီရောဂါ အဖြစ်အများဆုံး နိုင်ငံများထဲ ပါဝင်နေဆဲဟု အမျိုးသား တီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းမှ သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ တစ်သိန်းတွင် ၃၆၀ ကျော်သည် တီဘီရောဂါဖြစ်ပွားမှုရှိကြပြီး သေဆုံးနှုန်းသည်လည်း လူတစ်သိန်းတွင် ၄၇ ဦးခန့် ပျှမ်းမျှရှိသည်ဟု သိရသည်။
အောင်ထိန် (DMG) ပေးပို့သည်။