ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ် လန်ဆယ် (Lanse) မြို့တစ်ခုလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးကို ဆက်လက်လုပ်ဆောင်နေသည်ဟု KIO ပြောသည်။
လန်ဆယ် (Lanse) မြို့ရှိ တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ ထိန်းချုပ်ထားသည့် လန်ဆယ်ပြည်သူ့စစ်နေရာကို အပြီးသတ်သိမ်းပိုက်လိုက်နိုင်သည့် အခြေအနေအပေါ် KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယခုလိုပြောဆိုသည်။
“လန်ဆယ်ကိုတော့ မနေ့က နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း ၇ နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်ပြီ။ အဲဒီနေရာမှာက တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့တွေ နေရာယူထားတဲ့နေရာ ဖြစ်တယ်။ သူတို့ကိုယ်တိုင်လည်း လက်ရှိအခြေအနေကို နားလည်သဘောပေါက်ကြတာဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်တာမရှိဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုမရှိဘဲ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လန်းဆယ်ပြည်သူ့စစ်နေရာသည် ပြည်သူ့စစ်အင်အား ၃၀ ဝန်းကျင်ရှိ တပ်နေရာတစ်ခုဖြစ်ပြီး နိုဝင်ဘာ ၁၀ ရက်နေ့က KIA ပူးပေါင်းတပ်များဝင်ရောက်လာချိန် တန်ဂူးတန်ဦးဆောင်သည့် ပြည်သူ့စစ်တပ်ဘက်က နားလည်မှုဖြင့် တပ်ဆုတ်ခွာသွားကြခြင်းဖြစ်သည်ဟု KIO က ဆိုသည်။
လန်ဆယ်မြို့သည် ဆော့လော်မြို့နယ်ထဲ၌ နောက်ဆုံးကျန်ရှိနေသော BGF တပ်စခန်းရှိသော နေရာဖြစ်တာ ကြောင့် လက်ရှိအချိန်၌ ဆော့လောက်မြို့နယ်တစ်ခုလုံးသည် KIA ထိန်းချုပ်နယ်မြေထဲ ရောက်ရှိသွားပြီ ဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်များက ပြောသည်။
KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက “လန်ဆယ်ကို မနေ့မနက်ပိုင်းက သိမ်းလိုက်ပြီ။ လန်ဆယ်မှာရှိတဲ့ ပြည်သူ့စစ်နဲ့ BGF အဖွဲ့တွေက အကုန်ထွက်ပြေးကုန်တယ်။ အခုက ကချင်အထူးဒေသ (၁) နေရာမှာ ကန်ပိုင်တည် တစ်ခုပဲကျန်တော့တယ်။ မရှိတော့ဘူး။ အထက်ဘက်မှာက ခေါင်လန်ဖူးပဲ ကျန်တော့တယ်။ လန်ဆယ်အထက်ဘက်ဆိုရင် ပူတာအိုဒေသ ဖြစ်သွားပြီ။ ဒီတကြောက ပြည်သူ့စစ်နဲ့ BGF မရှိတော့ဘူး” ဟု ပြောဆိုသည်။
လန်ဆယ်မြို့သည် KIA တပ်က ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းက သိမ်းပိုက်ထားခဲ့သည့် ချီဖွေ၊ ဆော့လော်၊ ကန်းဖန့်၊ ဖီမော်၊ ပန်ဝါမြို့တို့နှင့် တဆက်တည်းရှိနေပြီး ပူတာအိုဒေသနှင့် အနီးဆုံးနေရာရှိ မြို့တစ်ခုလည်း ဖြစ်သည်။
လန်ဆယ်ဒေသတွင် ပူတာအိုဒေသ ဌာနယ်ပြည်သူ့စစ်ဖြစ်သော တန်ဂူးတန်ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားရာနယ်မြေလည်း ဖြစ်သည်။
လန်ဆယ်ဒေသတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်လုပ်ငန်းရှင် အများအပြားဝင်ရောက်လာပြီး ကျောက်ရွှေတူးဖော်သည့်လုပ်ငန်းတို့ကို အဓိက တွင်တွင်ကျယ်ကျယ်လုပ်ကိုင်နေသော ဒေသတစ်ခုလည်း ဖြစ်သည်။
KNG ပေးပို့သည်။