ဆီဆိုင်တွင်အရပ်သားများကို PNO က မက်လုံးပေး ကင်းစောင့်ခိုင်းနေ

By MPM 14 ဖေ‌ဖော်ဝါရီ, 2025 👁 3

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ကျေးရွာအချို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) က အရပ်သားများကို မက်လုံးပေး ကင်းစောင့်ခိုင်းနေသည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက ရပ်ရွာအလိုက် အခြေခံစစ်သင်တန်းပေးနေပြီး ရပ်ရွာလုံခြုံရေးအတွက်ဟုဆိုကာ တစ်အိမ်လျှင်တစ်ယောက်နှုန်းဖြင့် စစ်သင်တန်း (၅) ရက်မျှ တက်ရောက်ခဲ့ကြရသည်ဟု ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ စစ်သင်တန်းတက်ရောက်ပြီးသူများကို PNO က ကျေးရွာတစ်ရွာလျှင် လူဆယ်ဦးခေါ်ယူပြီး တစ်ဦးကို ကျပ် (၅ သိန်း) ဖြင့် ၁၀ ရက် ကင်းစောင့်ခိုင်းသည်ဟု ကိုယ်တိုင်ကင်းစောင့်ခဲ့သူတစ်ဦးက ပြောသည်။

“စစ်ကောင်စီက ကျေးရွာတွေလိုက်ပြီး စစ်သင်တန်းပေးတာ။ ရပ်ရွာလုံခြုံရေးအတွက်ဆိုပြီး သင်ခိုင်းတာ။ ကင်းစောင့်ဖို့အတွက် တစ်ရွာကို (၁၀) ယောက်ခေါ်တယ်။ (၁၀) ရက် စောင့်ရတယ်။ တစ်ယောက်ကို (၅) သိန်း ရတယ်။ အရင်က (၃သိန်း) ပဲ ရတာ။ အခုက သူတို့ပိုပေးလာတာ” ဟု ကိုယ်တိုင်ကင်းစောင့်ခဲ့သည့် ရွာခံအမျိုးသားက ပြောသည်။

လွိုင်ကော် – ဆီဆိုင်သွားလမ်း၊ ပုန်းလောင်းဂိတ်နှင့် ဘုရားဖြူလမ်းခွဲ မြို့ရှောင်လမ်းဂိတ်အပါအဝင် ဆီဆိုင်မြို့ အဝင်အထွက် ဂိတ်တို့တွင် ကင်းစောင့်ခဲ့ရသည်ဟု ၎င်းက ပြောပါသည်။

ယခုကဲ့သို့ ကင်းစောင့်ရခြင်းမှာ စားဝတ်နေရေး အဆင်မပြေသည့်အတွက် အခကြေးငွေယူပြီး လူစားထိုး ကင်းစောင့်ပေးရပြီး တိုက်ပွဲမဖြစ်ရန်အတွက် မျှော်လင့်သည်ဟု အသက် (၃၀) အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။

“ကိုယ်ကင်းစောင့်တဲ့အလှည့်မှာ ဘာမှမဖြစ်ဖို့ပဲ မျှော်လင့်ရတာပဲ။ ပိုက်ဆံရလို့သာလုပ်နေရတာ စိုးရိမ်စိတ်နဲ့ပဲ။ စားဝတ်နေရေးအဆင်မပြေတော့ ဒီလိုပဲ ငွေယူပြီး ကင်းစောင့်ပေးရတာပေါ့” ဟု အဆိုပါ ရွာခံအမျိုးသားက ပြောသည်။

ယင်းသို့အခကြေးငွေပေး ကင်းစောင့်ခိုင်းနေမှုအပေါ် ဆီဆိုင်မြို့နေ မနှင်းက “အကိုဆိုရင် အဲလိုပဲ ငွေကြေးယူပြီး ကင်းစောင့်ပေးနေတာ။ နောင်ထောဝ်ဘက်ဂိတ်မှာ စောင့်ရတာ။ သူ့တာဝန်ချိန်ပြည့်ပြီး ပြန်တော့မဲ့အချိန်မှာ ရှေ့တန်းက PNO စစ်သားတွေက ပိုက်ဆံပေးပြီး လာခေါ်တော့လိုက်သွားတာ။ အဲဒီမှာပဲ အတိုက်ခိုက်ခံရပြီး သေသွားတာ၊ အလောင်းတောင်ပြန်မရဘူး” ဟု ပြောဆိုသည်။

ထို့အပြင် PNO တပ်ဖွဲ့သည် စစ်ကောင်စီနည်းတူ အမျိုးသမီးများ စစ်မှုထမ်းရန်အတွက် စာရင်းများကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိသည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ၌ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲခြင်းတို့ကို ပြုလုပ်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။