ဆီဆိုင်တိုက်ပွဲ စစ်ကောင်စီတပ်သား ၃ ဦးသေ ၁ ဦး အရှင်ဖမ်းမိ

By MPM 14 ဩဂုတ်, 2024 👁

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးကို အရှင်ဖမ်းမိထားသည်ဟု ရှေ့တန်းမြေပြင်သတင်းရင်းမြစ်များက ပြောသည်။

ဆီဆိုင်မြို့အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဩဂုတ်လ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်သုံ့ပန်းတစ်ဦးနှင့်အတူ အလောင်း ၃ လောင်း၊ MA 1 တစ်လက်၊ ဒရုန်းတစ်စီးတို့အား သိမ်းဆည်းရမိထားသည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အရှင်ဖမ်းမိသည့် စစ်သုံ့ပန်းမှာ စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဉ် ၂ ရွှေဘိုမြို့တွင် စစ်သင်တန်းတက်ရောက်ပြီးနောက် ဆီဆိုင်မြို့သို့ အပို့ခံရသူဖြစ်သည်ဟု PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

“အာဏာရူးမင်းအောင်လှိုင်က သေတွင်းပို့နေတဲ့အချိန်မှာ ကိုယ်က မသေချင်ဘူးဆိုရင်တော့ ပါးနပ်မှရမယ်။ လိမ္မာမှရမယ်။ အဲတော့ ကိုယ်က အတင်းခေါ်လို့ ပါသွားတာပဲဖြစ်ဖြစ် ပေါ်တာဆွဲလို့ ပါသွားတာဖြစ်ဖြစ် ရှေ့တန်းအပို့ခံရတဲ့အချိန်မှာ ဘယ်လိုမျိုး အချိန်မှာပဲ ဖြစ်ဖြစ် တော် လှန်ရေး တပ်ဖွဲ့တွေကို ကြိုးစားပြီးတော့ ဆက်သွယ်ပါ။ ဆက်သွယ်ရတာလည်း မခက်ခဲပါဘူး။ ပြီးတော့ ဘက်ပြောင်းခိုလှုံပါလို့ တိုက်တွန်းချင်တယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ အလောင်း ၃ လောင်းအား PNLA တပ်ဖွဲ့ဝင်များက မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ပြီး စစ်သုံ့ပန်းကို လူ့အခွင့်ရေးနှင့်အညီ ထိန်းသိမ်းထားသည်ဟု တာဝန်ရှိသူများက ဆိုသည်။

ဖမ်းမိထားသည့် စစ်သုံ့ပန်းမှာ ပဲခူးတိုင်း၊ သဲကုန်းမြို့တွင် နေထိုင်သူဖြစ်ပြီး ဆီဆိုင်မြို့သို့ ရောက်ရှိချိန်တွင် စစ်သင်တန်း တစ်လနီးပါးသာ တက်ရောက်ခဲ့ရသည်ဟု ပြောသည်။

ခွန်ရိန်းယံက “ဒီနောက်ပိုင်းမှ အတင်းအဓမ္မစုဆောင်းထားတဲ့ သူတို့အခေါ် ပြည်သူ့စစ်မှုထမ်းပေါ့လေ၊ လွတ်လာတာတွေ များတယ်။ ပြီးတော့ ဒီအိုနာကျိုးကန်းတွေ များလာတယ်ဆိုတာက စစ်မှုထမ်းဟောင်းတွေကို ပြန်သုံးတာလည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ထောင်ထဲက သေဒဏ်ကျအကျဉ်းသားတွေ နောက်ပြီးတော့ တသက်တကျွန်း နှစ်ကြီးကျသူတွေ အဲ့လိုမျိုးတွေကို မက်လုံးတစ်ခုခုပေးပြီးတော့မှ စစ်မှုထမ်းခိုင်းတာလည်း ဖြစ်နိုင်ပါတယ်” ဟု သုံးသပ်သည်။

စစ်သုံ့ပန်းအား မေးမြန်းစစ်ဆေးမှုအရ တိုက်ပွဲအတွင်း အရပ်သားများ ထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ အရပ်သားများ နေအိမ်တွင် ဝင်ရောက်နေထိုင်ခြင်း၊ မူးယစ်ဆေးသုံးစွဲခြင်း စသည့်ပြစ်မှုများ ကျူးလွန်ထားသည်ဟု ရှေ့တန်းတပ်ဖွဲ့ဝင်များက ပြောသည်။

လတ်တလော လွယ်ဆောင်ကျေးရွာ အနောက်ဘက် (ဆီဆိုင်မြို့ အရှေ့ဘက်) တွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၄၂၃၊ ၄၂၄ တပ်ရင်းတို့မှာ အင်အား ၄၀၀ ခန့်ဖြင့် အရပ်သားနေအိမ်များတွင် ဝင်ရောက်တပ်စွဲထားကြောင်း သိရသည်။

NMG ပေးပို့သည်။