ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲကာလအတွင်း သေဆုံးခဲ့သည့် ရုပ်အလောင်း ၇၀ ခန့်ကို နယ်မြေရှင်းလင်းသူ အရပ်သားများက ကောက်ယူပြီး မီးသင်္ဂြိုလ်ပေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ထိုရုပ်အလောင်းများမှာ ဆိုင်းတောင်ကျေးရွာ၌ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော KIA၊ PDF ပူးပေါင်းတပ်တို့ကြား စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း သေဆုံးခဲ့သည့်ရုပ်အလာင်းများဖြစ်နိုင်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “ခန့်မှန်းခြေအနေအထားအရတော့ တိုက်ပွဲကာလအစအဆုံး စုစုပေါင်း ၇၀ ကျော် လောက်ရှိမယ်။ နှစ်ဘက်စလုံးကကျတဲ့ အလောင်းတွေကိုကောက်ရတယ်။ Lucky Man (ဟိုတယ်) နဲ့ နီးစပ်တဲ့ နေရာတွေမှာ သေတဲ့ဟာတွေရှိတယ်။ အဲဒါတွေလည်း ကောက်ရတယ်။ သူတို့တပ်ဖွဲ့ဝင်တွေကျလို့ ဟိုတယ်ရဲ့ ဘေးနားက အိမ်တွေဘေးနားမှာ မြုပ်ခဲ့တာတွေရှိတယ်။ အိမ်တွေဘေးမှာဆိုတော့ ပြန်ဖော်ရတယ်။ ပြန်ဖော် ပြီးတော့ သင်္ချိုင်းမှာသွားပြီးတော့မှ မီးသင်္ဂြိုလ်ပေးရတယ်” ဟု ပြောသည်။
နိုဝင်ဘာပထမပတ်အတွင်း ဆိုင်းတောင်ကျေးရွာ၌ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန် သေဆုံးခဲ့သည့် ရုပ်အလောင်းများနှင့် အရိုးခေါင်းများကို တွေရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါရုပ်အလာင်းများမှာ တစ်ဦးချင်းစီအလိုက် မည်သူမည်ဝါဖြစ်ကြောင်းကို အတည်မပြုနိုင်ဟု နယ်မြေရှင်းလင်းရေး လုပ်ကိုင်ချိန်တွင် ပါဝင်ခဲ့သည့် ဒေသခံများက ပြောဆိုသည်။
သို့သော် တူးဖော်တွေ့ရှိရသည့် ရုပ်အလောင်းများနှင့် အရိုးစု၊ အရိုးခေါင်းများမှာ တိုက်ပွဲအတွင်း အသတ်ခံခဲ့ရသည့် ပြည်သူများ၊ Lucky Man ဟိုတယ်မှ ဝန်ထမ်းများ၊ စစ်ကောင်စီတပ်သားများနှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သည်ဟု ဆိုသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားများကျဆုံးခဲ့ပါက ဟိုတယ်အနီး လူနေအိမ်များတွင် မြေမြုပ်ထားကြပြီး ထိုအလောင်းများအားလည်း လိုက်လံရှိဖွေတူးဖော်ကာ မီးသင်္ဂြိုလ်ပေးရကြောင်း ဒေသခံများက ပြောသည်။
ဆိုင်းတောင်ရပ်မိရပ်ဖတစ်ဦးက “ကျနော်တို့တွေ့တာကတော့ ၁၄ လောင်း၊ အရိုးခေါင်းခွံပေါ့ ခွေးတွေဘာတွေ ဆွဲသွားတာတွေလည်းရှိတယ်။ တချို့က ဟိုရောက်ဒီရောက်သွားတာ ရှိတယ်။ တချို့က ချောင်းထဲမျောသွားတာလည်းရှိတာပေါ့လေ။ ဥရုချောင်းထဲမှာလည်း ရှိနိုင်တယ်။ နောက်ပြီးတော့ တိုက်ပွဲကာလ ပြီးခါနီးလောက်က လူသေအလောင်း ငါးလောင်းလောက်က ဥရုချောင်းဘက် မျောသွားတာရှိတယ်” ဟု ဆိုသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း လူနေအိမ် ၄၀၀ ခန့် ပျက်စီးသွားပြီး ဘိုးဘွားရပ်သာအဆောင်တစ်ဆောင်လည်း မီးလောင်ပျက်စီးသွားကြောင်း ဆိုင်းတောင်ဒေသခံများက ပြောသည်။
ဆိုင်းတောင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူများအနေဖြင့် နယ်မြေရှင်းလင်းရေးကို ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြသော်လည်း ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်တည်ဆောက်ရန် မတတ်နိုင်ကြဟု ပြောဆိုကြသည်။
ထို့ကြောင့် အချို့ဒေသခံရွာသားများမှာ ၎င်းတို့၏မြေကွက်များအား ရောင်းချနေကြရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“သူတို့တွေ ပြည်လည်တည်ထောင်ရေးလုပ်ဖို့အတွက် အခက်ခဲတွေ ရှိတာပေါ့။ အိမ်တွေ ပြန်မဆောက်နိုင်ကြတော့ဘူး။ မြေကွက်တွေကို ဒီတိုင်းရောင်းပြီးတော့မှ ပြန်ရင်းနှီးမြုပ်နှံပြီးတော့ တခြားလုပ်ငန်းတွေ လုပ်ချင်ကြတာများတယ်။ ပြန်လည်ထူထောင်နိုင်သူက အနည်းငယ်ပဲ။ အထည်ဆိုင်တွေ၊ အိမ်ဆိုင်တွေဆိုရင် မီးထဲပါသွားတော့ ပြန်ဆက်မလုပ်နိုင်တော့ဘူး။ တချို့တွေက စစ်ရှောင်စခန်းမှာပဲနေပြီး ကျန်တဲ့မြေကွက်ကို လာကြည့် အဲ့လောက်ပဲ လုပ်နေကြတယ်” ဟု ၎င်းက ပြောသည်။
ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Lucky Man ဟိုတယ်တွင် တပ်စွဲထားကာ ဟိုတယ်ဝန်ထမ်းများနှင့် ပြည်သူအယောက် ၄၀ ခန့်ကို ဖမ်းဆီးထားကာ အချို့ကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း နီးစပ်သူများက ပြောဆိုသည်။
အဆိုပါ ဆိုင်းတောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှိ့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာထဲကိုလည်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
KIA နှင့် PDF ပူးပေါင်းတပ်တို့က အောက်တိုဘာ ၈ ရက်နေ့တွင် Lucky Man ဟိုတယ်နှင့် ဆိုင်းတောင်ကျေးရွာကို အပြီးသိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ရှမ်းနီတပ်ဖွဲ့ဝင် ၂၂ ဦး လက်ချက်ချခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောဆိုသည်။
NMG ပေးပို့သည်။