မန္တလေးပြည်သူ့ကာကွယ်ရေးတပ် (MDY PDF) ထိန်းချုပ်နယ်မြေများရှိ စျေးသည်များအား PDF တပ်ဖွဲ့ဝင်များ ကုန်ပစ္စည်းများ လာရောက်ဝယ်ယူရာတွင် အလကားမပေးဘဲ ပစ္စည်းတန်ဖိုး ကျသင့်ငွေကြေး ပိုက်ဆံယူကြရန် MDY PDF က ထုတ်ပြန်တောင်းဆိုသည်။
PDF တပ်ဖွဲ့ဝင်များ စျေးဝယ်ရာတွင် ဈေးသည်များက ကျသင့်ငွေကြေးမယူဘဲ အလကားပေးမှုများ ရှိနေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ရခြင်းဖြစ်သည်ဟု MDY PDF က ဆိုသည်။
မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က “ကျနော်တို့ ရဲဘော်တွေက လိုအပ်ချက်ရှိလို့ ဈေးဝယ်တဲ့အခါမျိုးမှာ ပြည်သူတွေဘက်က ဈေးဆိုင်တွေဘက်ကနေပြီးတော့ မေတ္တာနဲ့ အလကားပေးတာမျိုးတွေ ရှိပါတယ်။ ဒါတွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးတဲ့အတွက်၊ နောက်တစ်ခုက ရဲဘော်တွေ အကျင့်ပျက်မှာစိုးတဲ့အတွက် ထုတ်ပြန်တာ ဖြစ်ပါတယ်” ပြောသည်။
ယင်းအပြင် မန္တလေး PDF တပ်ဖွဲ့သည် စည်းကမ်းနှင့် ကျင့်ဝတ်ကောင်းမွန်ပြီး ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်သောကြောင့် ပြည်သူပိုင်ငွေကြေးများ အလွဲသုံစား မပြုလုပ်ကြစေရန်အတွက် ထုတ်ပြန်ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
တပ်ရင်းအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူရာတွင်လည်း PDF များက ကျသင့်ငွေကို မဖြစ်မနေပေးချေရန်နှင့် ဆိုင်ရှင်ဘက်ကလည်း ပစ္စည်းတန်ဖိုးအတိုင်း ကျသင့်ငွေအား လက်ခံပေးရန် နယ်မြေခံ ပြည်သူလူထုနှင့် ဈေးဆိုင်ပိုင်များအား မန္တလေး PDF က မေတ္တာရပ်ခံထားသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်း စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ယခုကဲ့သို့ တကြိမ် ထုတ်ပြန်ခဲ့ဖူးသည်ဖြစ်ရာ လက်ရှိတွင်လည်း မန္တလေး PDF ၏ ထိန်းချုပ်နယ်မြေများ ပိုမိုကျယ်ပြန့်လာသဖြင့် ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ရခြင်းဖြစ်သည်ဟု ကိုအော်စမွန်က ပြောပါသည်။
ကိုအော်စမွန်က “ကျနော်တို့ တပ်ဖွဲ့အနေနဲ့တော့ ဒီညွှန်ကြားချက်မှ မဟုတ်ပါဘူး။ ထုတ်ပြန်ထားသမျှ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ ရဲဘော်တွေကို အဆင့်ဆင့်တာဝန်ရှိသူတွေက ကြပ်မတ် တာ ရှိပါတယ်။ တကယ်လို့ မလိုက်နာဘူး ဖောက်ဖျက်တယ်ဆိုရင်လည်း ထိုက်သင့်တဲ့ပြစ်ဒဏ် ချမှတ်တာမျိုးတွေရှိပါတယ်” ဟု ပြောသည်။
မန္တလေး PDF တပ်ဖွဲ့သည် ဇူလိုင်လ ၁၇ ရက်နေ့က စဉ့်ကူးမြို့ကို ပထမဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့တွင်လည်း မဟာမိတ်များနှင့် ပူးပေါင်း၍ မိုးကုတ်မြို့ကို သိမ်းယူထားပါသည်။
NMG ပေးပို့သည်။

