စားသောက်ရေးကျပ်တည်းမှုကြောင့် မောင်တောတွင် ကလေးငယ်အများစု အာဟာရချို့တဲ့မှုကြုံနေကြရ

By MPM 17 မတ်, 2025 👁 3

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက်ကလေးငယ်အများစုသည် မိသားစုစားဝတ်နေရေး အဆင်မပြေမှုများကြောင့် အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။

စစ်ဘေးရှောင်စခန်းများနှင့် မွတ်ဆလင်ကျေးရွာများတွင် ကလေး ၃ ဦးလျှင် ၁ ဦးသည် အာဟာရချို့တဲ့မှု လက္ခဏာကို တွေ့ရှိရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

“စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေလို့ ကလေးငယ်တွေက ခန္ဓာတွေပိန်လာတာ ဗိုက်တွေပူလာတာတွေကို တွေ့ရတယ်Ó ဟု စစ်ဘေးရှောင်အရေး ကူညီပေးနေသူအမျိုးသမီးက ပြောသည်။

စစ်ဘေးရှောင်များသည် အကူအညီရရှိမှု နည်းပါးခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုတို့ကြောင့် စားဝတ်နေရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေကြရသည်ဟု ၎င်းက ဆိုသည်။

ယင်းကဲ့သို့အကျပ်အတည်းများကြောင့် ထမင်း၊ အသား၊ ငါးများကို ဝဝလင်လင် မစားသုံးနိုင်သည့်အပြင် အာဟာရပြည့်ဝသည့် အခြားသောမုန့်ပဲသရေစာများကိုလည်း မကျွေးနိုင်၍ စစ်ရှောင်ကလေးငယ်များမှာ အာဟာရချို့တဲ့လာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“အခုကလေးငယ်တွေမှာ အရေးပြားရောဂါတွေလည်း ဖြစ်နေတယ်။ အရေပြားယားယံတဲ့ ဝေဒနာတွေကြောင့် အစာကောင်းကောင်း မစားကြဘူး။ တဖက်မှာလည်း အာဟာရချို့တဲ့နေကြတယ်။ မိဘတွေ အနေနဲ့လည်း ဘာမှ လုပ်ပေးနိုင်တာ မရှိဘူးÓ ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

အာဟာရချို့တဲ့ရသည့် အဓိကအကြောင်းအရင်းမှာ အစားအသောက် ကောင်းကောင်းမစားရခြင်းကြောင့်ဖြစ်ပြီး စားသည့်အစားအစာမှ အာဟာရလုံလောက်မှုမရရှိလျှင် ဖြစ်တတ်ကြောင်း သိရသည်။

ထိုသို့ဖြစ်လာပါက အဆီများဆုံးရှုံးခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ သွေးဖြူဥများ ဆုံးရှုံးပြီး ကိုယ်ခံအား အားနည်းလာခြင်း စသည့် လက္ခဏာများပြတတ်ကြောင်း ဆေးဝါးကျွမ်းကျင်သူများက ပြောဆိုကြသည်။

မောင်တောမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များသည် အရေပြားရောဂါဝေဒနာများ ခံစားနေရပြီး ဆေးဝါးစရိတ် မြင့်မားမှုများကြောင်း ဆေးကုသရန် အခက်အခဲရှိနေကြောင်း သိရသည်။

“ဒီဘက်မှာ ပါရာတစ်ကတ်ကို ငွေနှစ်ထောင်ကနေ လေးထောင်အထိရှိတယ်။ ဆေးဝါးအကူအညီတွေ စားဝတ်နေရေးအကူအညီတွေ လိုအပ်နေပါတယ်” ဟု မောင်တောမြို့နယ်ရှိ စစ်ဘေးရှောင်အရေး ကူညီစောင့်ရှောက်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်သည် လတ်တလောတွင် မိုင်းရှင်းလင်းရေးနှင့် နေရပ်တိမ်းရှောင်သူများ ပြန်လည်နေရာချထားရေးကို လုပ်နေသည့်ကာလ ဖြစ်သည်။

ထို့အတူ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများကလည်း ကူညီပေးမှုများနည်းပါးသဖြင့် ဒေသခံများမှာ စားဝတ်နေရေး ပိုမိုကျပ်တည်းနေကြကြောင်း သိရသည်။

တဖက်တွင်လည်း အာဟာရချို့တဲ့မှုဒဏ်ကို ကလေးငယ်များအပြင်၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများလည်း ခံစားနေကြရပြီး အာဟာရချို့တဲ့မှုကြောင့် သက်ကြီးရွယ်အို စစ်ဘေးရှောင်အချို့မှာ အသက်သေဆုံးမှုအထိ ရှိလာနေသည်။

ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာဥပဒေတွင် ကောင်းမွန်သော ပတ်ဝန်းကျင်၊ ပျော်ရွင်စရာကောင်းသော နေရာ၊ အစာအာဟာရ ပြည့်ဝမှု၊ လွတ်လပ်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာဖြင့် နေထိုင်ရမည်ဟု ပါရှိသော်လည်း ပဋိပက္ခဖြစ်ပွားရာဒေသများမှ ကလေးငယ်များမှာ အဆိုပါအခွင့်အရေးများကို ဆုံးရှုံးနေကြ ရသည်။

အောင်ထိန် (DMG) ပေးပို့သည်။