စလင်းတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စီး ပျက်ကျ

By MPM 29 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ စလင်းမြို့နယ် ကြူဝန်းရွာတွင် စစ်ကောင်စီတိုက်လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ ဒေသခံများက အတည်ပြု ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေလည် ၁ နာရီဝန်းကျင်မှာ တိုက်လေယာဉ်ပျက်ကျခဲ့တာဖြစ်ပြီး မျက်မြင်တွေ့ရှိကြသည့် ဒေသခံများ၏ ပြောဆိုမှုအရ တိုက်လေယာဉ်အဖြူသာ လက်တလော သိရှိထားပြီး လေယာဉ်အမျိုးအစားကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါ တိုက်လေယာဉ်ဟာ စလင်းမြို့ ကြူဝန်းရွာ တာဝါတိုင်နား၌ မီးခိုများအူထွက်ပြီး ပျက်ကျခဲ့တာဖြစ်တယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောဆိုသည်။

ပျက်ကျသွားသည့် တိုက်လေယာဉ်ထဲကနေ လေယာဉ်မှူးဖြစ်သူက လေထီးနှင့် ခုန်ထွက်လာနိုင်တယ်လို့လည်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများက ပြောဆိုသည်။

လက်ရှိချိန်တွင် တိုက်လေယာဉ် ပျက်ကျခဲ့သည့်နေရာကို စစ်ကောင်စီ လေယာဉ်နှစ်စီးက ရှာဖွေမှုများ ပြုလုပ်နေပြီး ပွင့်ဖြူမြို့နယ်က မီးသတ်၊ ရဲနှင့် စစ်ကောင်စီတပ်သားများလည်း ရောက်ရှိနေတယ်လို့ ဒေသခံများက ပြောပါသည်။

အဆိုပါ စစ်ကောင်စီတိုက်လေယာဉ် ပျက်ကျခဲ့သည့် အကြောင်းရင်းကို လတ်တလောတွင် သေချာသိရှိရခြင်း မသိရှိကြကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။