ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်ပြန်လာသည့် အရပ်သားပြည်သူ ၂၀၀ ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
အဆိုပါအရပ်သားများကို ဖမ်းဆီးခေါ်ဆောင်ရသည့် အကြောင်းရင်းကို မသိရသေးပေမယ့် ပင်လောင်းမြို့နယ် ကနေ ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ခေါ်ဆောင်သွားခြင်း ဖြစ်သည်ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။
“ဖယ်ခုံဘက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ပဲ ဖြစ်တယ်။ တပ်မ အတိအကျကိုတော့ ကျနော်တို့ စုံစမ်းနေဆဲပဲ ဖြစ်တယ်” ဟု တာအယ်စိုးက ပြောဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားသော အရပ်သား ပြည်သူ ၂၀၀ ဦးကို စစ်ကောင်စီနှင့် လက်အောက်ခံပြည်သူ့စစ် (PNO) ထိန်းချုပ်နယ်မြေဖြစ်သည့် ပင်လောင်းမြို့နယ် အားကစားရုံအတွင်း ထိန်းသိမ်းထားသည်ဟု ၎င်းက ဆိုသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် အသက်အရွယ်၊ ကျား/မ စာရင်း သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဖယ်ခုံ – ပင်လောင်း မြို့နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားနေပေမယ့် လက်ရှိကာလသည် ဒေသခံတောင်သူများ စပါးသီးနှံရိတ်သိမ်းချိန်ဖြစ်တာကြောင့် စစ်ကောင်စီ၏ လက်နက်ကြီးရန်၊ လေကြောင်းရန်ကြားကနေ ရိတ်သိမ်းနေကြရခြင်း ဖြစ်သည်။
တိုက်ပွဲဧရိယာနှင့် နီးကပ်သော ကျေးရွာများက တောင်သူများကတော့ စပါးမရိတ်သိမ်းနိုင်ဘဲ စစ်ဘေးတိမ်းရှောင်နေကြသူများလည်း ရှိနေသည်။
ဖယ်ခုံမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ပင်လောင်း – ဖယ်ခုံ မြို့နယ်ကြားရှိ နန့်ဖာမူ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာများနှင့် ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တို့ကို ဖောက်ထွင်းတာ၊ မီးရှို့တာကို လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲနှင့် မသက်ဆိုင်သော ကျေးရွာ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ်က ကျေးရွာများနှင့် အနီးအနားက တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ရသော စစ်ဘေးရှောင် နှစ်သောင်းကျော်ရှိကြောင်း သိရသည်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။