ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၄) နယ်မြေ၊ ထီးခီးဒေသသို့ ယနေ့နေ့လည်ပိုင်းက စစ်အုပ်စုလေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များနှင့် ကေအဲန်ယူ တပ်မဟာ (၄) နယ်မြေအုပ်ချုပ်ရေးတာဝန်ရှိသူတို့ထံမှ သိရသည်။
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်နှင့် နယ်မြေချင်းထိစပ်သည့် ထီးခီးဒေသရှိ စစ်အုပ်စုတပ်စခန်းများကို ယခုနှစ်ဝက်ကာလအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA မဟာမိတ်တပ်များက သိမ်းယူနိုင်ခဲ့သည်။
ထို့နောက် နယ်မြေလက်လွှတ်ခဲ့ရသည့် စစ်အုပ်စုက လေကြောင်းဖြင့် ထီးခီးရွာသို့ အောက်တိုဘာ (၈) ရက်နေ့မှစ၍ လေကြောင်းတကျော့ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့ သုံးရက်မြောက်အဖြစ် ထီးခီးရွာသို့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ကေအဲန်ယူ၏ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ကေအိုင်စီသို့ ပြောသည်။
ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲခြင်းကြောင့် ပြည်သူပိုင် အဆောက်အဦးတစ်လုံး ပျက်စီး၍ ထိခိုက်ဒဏ်ရာရ အရပ်သားအချို့လည်း ရှိခဲ့သည်ဟု ကေအဲန်ယူ – တပ်မဟာ (၄) ၏ ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အောက်တိုဘာ (၈) ရက်နှင့် အောက်တိုဘာ (၁၀) ရက်နေ့တို့က နှစ်ရက်ဆက် တိုက်ခိုက်မှုအတွင်း အဆောက်အဦး ထိခိုက်ပျက်စီးမှုသာရှိ၍ ဒေသခံထိခိုက်၊ သေဆုံးမှုမရှိခဲ့ပါ။
ထိုရက်ကတည်းက လေယာဥ်ကြောင့် ရွာနီးအနားတဝိုက် ဒေသခံများ နယ်စပ်ဂိတ်အနီးသို့ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထိုင်းအာဏာပိုင်များက ထောက်ပံ့ကူညီခဲ့ရသည်။
ကေအဲန်ယူ – ဗဟို၏ အောက်တိုဘာ (၈) ရက်နေ့ ထုတ်ပြန်ချက်ပါ လူဦးရေစာရင်းအရ တကျော့ပြန် ထီးခီးစစ်ရှောင် ၃၀၀ ကျော်ရှိသည်။
ထီးခီး၊ ထီးထာ၊ ဗောဓိစခန်း၊ ငါးရံ့နီမှစပြီး သုခစခန်းအထိ စစ်အုပ်စု၏ နယ်စပ်တပ်စခန်းများကို ၂၀၂၅ ခုနှစ်လတာကာလအတွင်း မဟာမိတ်တပ်များက သိမ်းယူထားနိုင်ပြီး ထီးခီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအထိ အသာစီးရထားသည်။
တဖက်တွင်လည်း ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်အုပ်စုက ကရင်အပါအဝင် နိုင်ငံအနှံ့၌ လေကြောင်းတိုက်ခိုက်မှုများကို ပိုလုပ်လာသည်ဟု စောင့်ကြည့်လေ့လာသူများ၏ ပြုစုထားသောမှတ်တမ်းတွင် ဖော်ပြထားသည်။
NUG ၏ အချက်အလက်များအရ အာဏာသိမ်းယူသည့်အချိန်မှစတင်၍ ယနေ့အချိန်ထိ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၃,၇၄၄) ကြိမ်တွင် အရပ်သား (၄,၁၃၅) ဦးအထိ သေဆုံးခဲ့ပြီးဖြစ်သည်။
ကေအိုင်စီ