စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု UWSA ပြောဆို

By MPM 16 အောက်တိုဘာ, 2025 👁

အာဏာသိမ်းစစ်အုပ်စုက ကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသွားမည်ဟု ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းက ပြောသည်။

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့်အခမ်းအနား၌ မီဒီယာများ၏ မေးမြန်းမှုတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲကို ကျွန်တော်တို့ ‘ဝ’ အဖွဲ့ အနေနဲ့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့ ပေးလိုပါတယ်။ တခြားမီဒီယာတွေ၊ တချို့ရေးတာတွေက မမှန်ပါဘူး။ ဒီကိစ္စနဲ့ ကျွန်တော်တို့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ မက်ဆေ့လဲ ကျွန်တော်တို့ ဗဟိုဌာနချုပ်အနေနဲ့လည်း ထုတ်ပြန်ခဲ့ပြီးသားပါ” ဟု UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ပြောသည်။

ထို့အပြင် တနိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ကွက်ကြား ငြိမ်းချမ်းခြင်းမဟုတ်ဘဲ တနိုင်ငံလုံးငြိမ်းချမ်းရေး အမြန်ဆုံးရရန်လည်း မျှော်လင့်နေသည်ဟု ဆိုသည်။

“တခြား ရှမ်းမြောက်နဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကတော့ ဒါက တကဏ္ဍပါ။ ခုဏကျွန်တော်ပြောလိုတာက ရိုးရိုးရှင်းရှင်းလေးပါ။ ကျွန်တော်တို့ ‘ဝ’ အဖွဲ့ UWSA အဖွဲ့သဘောထားအနေနဲ့လည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သတ် ပြီးတော့ အားပေးထောက်ခံသွားမယ်ဆိုတဲ့ သဘောထားပဲ ကျွန်တော်ပေးလိုပါတယ်” ဟု ဦးညီရမ်းက ဆိုသည်။

ထိုသို့ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အားပေးထောက်ခံသည့်အတွက် ၎င်းထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြု၊ မပြုကို ရှင်းရှင်းလင်းလင်း မသိရသေးပါ။

ပြီးခဲ့သည့် စက်တင်ဘာလက ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ထိန်းချုပ်ဒေသဖြစ်သည့် ဟိုပန်နှင့် ပန်လုံမြို့တို့တွင် စစ်ကော်မရှင်က ကျင်းပမည့်ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းမျိုး တွေ့ရှိပါက တရားစီရင်ရေးဌာနကို တိုင်ကြားနိုင်သည်ဟု ‘ဝ’ လူငယ့်အသံက ဖော်ပြခဲ့သေးသည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်/ ပါတီ – UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ယခင် ဦးသိန်းစိန်အစိုးရနှင့် NLD အစိုးရလက်ထက်ကတည်းက ရွေးကောက်ပွဲကျင်းပရန် ခွင့်ပြုတောင်းဆိုချက်များကို ‘ဝ’ တပ် UWSA က အကြိမ်ကြိမ် ငြင်းဆန်ခဲ့သည်။

UWSA/ UWSP ထိန်းချုပ်နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြု၊ မပြုသိရှိနိုင်ရန် လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို မဇ္ဈိမက စာဖြင့် ဆက်သွယ်မေးမြန်းထားပေမယ့် ယခုသတင်းဖော်ပြချိန်အထိ အကြောင်းမပြန်သေးပေ။

အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် က ၎င်းတို့၏ ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မဇ္စျိမ