အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲဖြင့် တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ရေးအတွက် ရွေးကောက်ပွဲကို ကာကွယ်ကာ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ပြည်နယ်တွင်းရှိ ကရင်လက်နက်ကိုင် ၃ ဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့တွင် ပူးတွဲသဘောထားထုတ်ပြန်လိုက်သည်။
ပြည်နယ်ထဲရှိ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် နယ်ခြားစောင့်တပ် (BGF/KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ် မတော် – DKBA နှင့် ငြိမ်းချမ်းရေးကောင်စီ (PC) တို့ သေ့ကတေရွာ၌ စက်တင်ဘာ ၂၈ ရက်နေ့တွင်ပြုလုပ်သည့် တနေ့တာ အစည်းအဝေးအပြီးတွင် ယခုလို ပူးတွဲ သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ကရင်လက်နက်ကိုင်အဖွဲ့များသည် ယခင်က မိခင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည်။
လက်ရှိ မိခင်အဖွဲ့အစည်းဖြစ်သည့် ကေအဲန်ယူက ပြည်သူ့ဆန္ဒကို ဆန့်ကျင်ကာ တိုင်းပြည်အကျိုးကိုမကြည့်ဘဲ ကိုယ်ကျိုးအတွက်သာ အာဏာသိမ်းမှု မတရားပြုလုပ်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အထောက်အကူပြုမည့် လူရွေးပွဲဖြစ်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကိုလည်း လိုသလိုပုံဖော်ကာ စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်ရေးအတွက် ကရင်တစ်မျိုးသားလုံး အကြမ်းမဖက်ဆန့်ကျင်ရန် သဘောထားထုတ်ပြန်ထားပြီးဖြစ်သည်။
သို့သော် ယနေ့ထုတ်ပြန်လိုက်သည့် ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်တွင်မူ လက်ရှိပဋိပက္ခကို ဖြေရှင်းနိုင်သည့် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းစေမည့် စစ်အုပ်စု၏ အထွေထွေရွေးကောက်ပွဲသည် ကရင်ပြည်နယ်နှင့်ပြည်သူအပါအဝင် တစ်နိုင်ငံလုံး၏ တည်ငြိမ်အေးချမ်းရေးကို ဖန်တီးပေးနိုင်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။
“မဲထည့်ဖို့ ဆန္ဒရှိတဲ့ ပြည်သူတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားပြီး မဲထည့်နိုင်ဖို့ဖြစ်ပါတယ်။ မဲမထည့်ချင်တဲ့သူဆိုလည်း ကျနော်တို့ အတင်းအကြပ် မခိုင်းပါဘူး။ ပြီးတော့ မဲထည့်တဲ့အခါမှာ သူတို့ထည့်ချင်တဲ့ ပါတီတစ်ခုခုကို ထည့်လို့ရအောင် ကျနော်တို့ အကာအကွယ်ပေးသွားဖို့ဖြစ်ပါတယ်” ဟု DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက လက်နက်ကိုင် ၃ ဖွဲ့ အစည်းအဝေး နှင့် ပတ်သက်၍ ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အစည်းအဝေးတွင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပြင် BGF မှ KNA ပြောင်းမည့်အပေါ် တက်ရောက်လာသူတို့၏ သဘောထားနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကိုပါ ဆွေးနွေးခဲ့ကြကြောင်းလည်း ပါဝင်တက်ရောက်ကြသူတချို့ထံမှ သိရသည်။
“ဒေသတည်ငြိမ်အေးချမ်းရေး ပြန်ရှိအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ အရေးကြီးဆုံးအနေနဲ့ ဆွေးနွေးခဲ့ကြတယ်။ ကျနော်တို့နယ်မြေမှာ ဒီမိုကရေစီရွေးကောက်ပွဲကို ပါဝင်ဖို့ စိုးရိမ်မှုတွေရှိနေတဲ့အပေါ်မှာ ပြည်သူတွေအတွက် ဘယ်လမ်းကနေ ကူညီ၊ ကာကွယ်ပေးနိုင်တာရှိလဲ၊ ကရင်ပါတီတချို့က ဝင်ရောက်ပါဝင်မှာရှိတော့ ဘယ်လိုသတိထားနေမလဲ၊ ဘယ်လို လုပ်ဆောင်ပေးနိုင်မလဲ စသဖြင့် တိုင်ပင်တာတွေ ရှိတယ်” ဟု ကရင်ငြိမ်းချမ်းရေးကောင်စီ (PC) မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
မိခင် ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်သွားသည့် လက်နက်ကိုင်အဖွဲ့များကို ကရင်ပြည်သူတို့ လိုလားသည့် တစ်ခုတည်းသော လက်နက်ကိုင်ဖြစ်ရေးဆန္ဒအရ ယခင်အပစ်ရပ်ကာ ၂၀၁၃ ခုနှစ်၊ မေ ၂၈ ရက်နေ့ တွင် “ ကရင့် လက်နက်ကိုင်များ စည်းလုံးညီညွှတ်ရေးကော်မတီ” ကို KNU၊ DKBA၊ PC နှင့် BGF တို့က စုပေါင်းဖွဲ့ စည်းခဲ့ဖူးသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်အုပ်စုက ကေအဲန်ယူကို တရားအသင်း၊ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာ၍ အစည်းအရုံးဥက္ကဋ္ဌနှင့်ခေါင်းဆောင်အချို့ကိုလည်း ရွေးကောက်ပွဲအကာအကွယ်ပေးရေး ဥပဒေ ဟု ဆိုသည် ဥပဒေဖြင့် အမှုဖွင့်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သေးသည်။
ကေအဲန်ယူမှ ခွဲထွက် လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်အုပ်စုရွေးကောက်ပွဲနှင့် ပတ်သက်၍ ယခင်က ပူးပေါင်း လုပ်ဆောင်ရန် လက်တွန့်နေသည့် သဘောမျိုးထုတ်ဖော်ပြောဆိုဖူးသော်လည်း ယခုလပိုင်းအတွင်း ပူးပေါင်းလုပ်ဆောင်များမည်ဟု အသီးသီး ထုတ်ဖော်ပြောဆိုမှုများ ရှိလာခဲ့သည်။
ပြန်သည့် လက်နက်ကိုင်အဖွဲ့များ ပြန်ဆင်ချင်သုံးသပ်သင့်သည်ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌက ယခုလို တိုက်တွန်းပြောဆိုသည်။
“NCA စာချုပ်ကို အကောင်အထည်ဖော်တာ ကေအဲန်ယူ၊ အဲဒီတုန်းက ကေအဲန်ယူရဲ့နိုင်ငံရေးဦးဆောင်မှု ခံယူမယ် လို့ ကရင်လက်နက်ကိုင်တွေက ပြောခဲ့တယ်။ သူ့ရဲ့ရွေးကောက်ပွဲသဘောထားက ပြည်သူသဘောထားပဲ။ ရွေးကောက်ပွဲကိုကူညီမယ်ဆိုတာ ဒါကိုသွေဖီနေတာ။ နယ်မြေအေးချမ်းရေးဆိုတာ လည်း ပြည်သူကိုရန်သူမှတ်ပြီး သတ်ဖြတ်နေတဲ့ စကစ လက်အောက်မှာ မရှိဘူး။ ဒါကြောင့်ဒါတွေကို ပြန်သုံးသပ်ကြဖို့ ကရင့်လက်နက်ကိုင်တွေကို တိုက်တွန်းချင်တယ်” ဟု ခွန်မြင့်ထွန်းက မှတ်ချက်ပြုသည်။
ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပခဲ့သည့် ပြုလုပ်သွားသည့် အစည်းအဝေးပွဲသို့ BGF/KNA မှ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် စောချစ်သူ၊ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထို့အတူ DKBA ဘက်မှလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်တို့နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ – PC ဘက်မှ ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် တပ်မှူးအချို့လည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကေအိုင်စီ