စစ်ရှောင်စခန်းအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ကရင်နီစစ်ရှောင်ပြည်သူများ မကြာခဏနေရာ ရွှေ့ပြောင်းနေရ

By MPM 7 အောက်တိုဘာ, 2025 👁

ကရင်နီ (ကယား) ပြည်နယ်ရှိ စစ်ရှောင်စခန်းများအနီးတွင် ယခုတလော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်အရပ်သားပြည်သူများမှာ မကြာခဏ နေရာရွှေ့ပြောင်းနေရသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ – IEC က ပြောသည်။

မိုးဗြဲမြို့တွင် တပ်စွဲထားသော စစ်အုပ်စုတပ်များသည် စက်တော်ရာ၊ လွယ်ယင်း စသည့် ကျေးရွာများဘက်သို့ ရံဖန်ရံခါ စစ်ကြောင်းထိုးလာ၍ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားသောကြောင့် ဒေသခံစစ်ဘေးရှောင်များမှာ မကြာခဏ နေရာရွှေ့ပြောင်းကာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း IEC အတွင်းရေးမှူး – ၂ ဗညားခွန်အောင်က ပြောသည်။

“အခုနောက်ပိုင်းဖြစ်တဲ့ တိုက်ပွဲတွေက ကျေးရွာတွေနဲ့နီးတယ်။ ပြီးတော့ စစ်ဘေးရှောင်စခန်းတွေနဲ့ ပိုပြီးနီးကပ်လာတော့ တိုက်ပွဲဖြစ်တဲ့အပေါ် မူတည်ပြီး မကြာခဏ နေရာရွှေ့ပြောင်းရတယ်။ ကျနော်တို့အနေနဲ့လည်း နေရာထိုင်ခင်းတွေကို ဆက်တိုက်စီစဉ်ပေးနေရဆဲဖြစ်တယ်။ စစ်ရေးပြင်းထန်လာတဲ့အတွက်ကြောင့်လည်း တချို့နေရာတွေကို စွန့်လွှတ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း လွိုင်လင်လေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၅၃၀) တပ်မှ လက်နက်ကြီးမှုကြောင့် ကျေးရွာတစ်ရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွင် အသက် ၁၀ နှစ်အရွယ် ကလေး ၂ ဦးအား ထိမှန်ခဲ့ပြီး၊ ကလေးတစ်ဦးမှာ ပခုံးထိမှန်ဒဏ်ရာရရှိကာ ကျန်တစ်ဦးမှာ လက်တစ်ဖက်ပြတ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

၎င်းအပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိင်ကျေးရွာတို့တွင် စစ်အုပ်စုတပ်များ စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများနေ့စဉ်နီးပါး ဖြစ်ပွားနေသည့်အပြင် စစ်အုပ်စုတပ်မှ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေကြောင်း KNDF က ပြောသည်။

ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်သားအများအပြား သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ အောက်တိုဘာ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့ကြောင့် အဆိုပါ မြို့နယ်သုံးခုတွင် နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ပြည်သူများအနေဖြင့် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များကို သတိရှိကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေသောဒေသများသို့ မလိုအပ်ပါက ခရီးသွားလာခြင်းများ မပြုလုပ်ကြရန်လည်း KNDF ဗဟိုက တိုက်တွန်းထားသည်။

ကေအိုင်စီ