စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းစုဆောင်းခံခဲ့ရသည့် သင်တန်းဆင်းတပ်သား ၆ ဦးသည် တိုက်ပွဲပြင်းထန်နေသည့် သံတွဲမြို့မှ အရပ်ဝတ်ဖြင့်ထွက်ပြေးစဉ် ဂွမြို့နယ်စစ်ဆေးရေးဂိတ်တစ်ခုတွင် ပြန်အဖမ်းခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “သူတို့က ဂျိုးဖြူ စစ်တပ်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၁) က ဆင်းတဲ့ စစ်သားသစ်တွေလို့ သိရပါတယ်။ အရပ်ဝတ်နဲ့ ထွက်ပြေးကြတာပါ။ ၆ ဦးကို ဖမ်းမိတာပါ။ ဂွမြို့နယ် ဆပ်သွားတံတား စစ်ဆေးရေးဂိတ်မှာ မနေ့ကဖမ်းမိတာပါ။ ဒေသခံတွေရှေ့မှာ ဖမ်းဆီးပြီး ဂွမှာရှိတဲ့ တပ်ကို ပို့လိုက်တယ်” ဟု ပြောသည်။
သံတွဲမြို့နယ် တိုက်ပွဲများအတွင်း စစ်သင်တန်းဆင်း လူငယ်စစ်ကောင်စီတပ်သားသစ်များ ထွက်ပြေးမှု များပြားနေသည်ဟု စစ်ကောင်စီတပ်မိသားစုနှင့် နီးစပ်သည့်သတင်းရင်းမြစ်များ ပြောဆိုမှုအရ သိရသည်။
အဆိုပါ သင်တန်းဆင်းစစ်သား ၆ ဦးသည် သံတွဲမြို့တောင်ဘက် ၁၀ မိုင်အကွာရှိ ဇလွန်ရွာ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲထားသည့်စစ်ကြောင်းမှ ထွက်ပြေးလာကြသူများဖြစ်ကြပြီး လမ်းမကျွမ်းသဖြင့် ပြန်လည်အဖမ်းခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
“သေနတ်တွေကို ပစ်ထားခဲ့ပြီး အရပ်ဝတ်တွေနဲ့ ထွက်ပြေးကြတဲ့ စစ်သားခပ်ငယ်ငယ် အသက် (၂၀) ပတ်ဝန်းကျင်တွေ အများကြီးပဲ။ သံတွဲတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများတဲ့ အတွက် လူငယ်တပ်သားသစ်တွေ ထွက်ပြေးမှုဆက်တိုက် ရှိနေပါတယ်” ဟု အခြားသံတွဲဒေသခံတစ်ဦးက ပြောသည်။
ဂွမြို့နယ် ဆပ်သွားရဲစခန်းမှ ရဲသားများကို ကျိန္တလီမြို့ရဲစခန်းတွင် တာဝန်ချထားရာ ထိုအထဲမှ ရခိုင်လူမျိုး ရဲနှစ်ဦး လက်နက်မဲ့ထွက်ပြေးသွားခဲ့ရာတွင် ၎င်းတို့နှစ်ဦးကို သာပေါင်းမြို့ တည်းခိုခန်းတစ်ခုတွင် ဇူလိုင် ၁၇ ရက်နေ့က ပြန်ဖမ်းမိခဲ့သည်ဟု ၎င်းက ဆက်ပြောပါသည်။
သံတွဲမြို့နယ်တွင် ဧပြီလ ၁၃ ရက်မှ စတင်၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး ထိုအချိန်မှစပြီး လူငယ်စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးနေကြသည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
ထွက်ပြေးသွားကြသည့် တပ်သားများထဲမှ တချို့သည် AA နှင့်ချိတ်ဆက်၍ လက်နက်ချသူများရှိသလို တချို့မှာ လက်နက်မဲ့ဘေးလွတ်ရာကို ထွက်ပြေးသူများလည်းရှိသည်ဟု ဒေသခံများ ပြောသည်။
လက်ရှိတွင် သံတွဲမြို့ကို အာရက္ခတပ်တော် သိမ်းပိုက်ထားပြီး ငပလီ၊ ဂျိတ္တောဘက်တွင် တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ် အကျအဆုံးများနေပြီး စစ်သားများမှာ ကစင့်ကလျား ဆုတ်ခွာထွက်ပြေးနေကြကြောင်း သိရသည်။
ငပလီအခြေစိုက် ခလရ (၅၅)၊ ခမရ (၅၆၆) နှင့် မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကလည်း ကြံခင်း၊ မြန်အောင်ဘက်က စစ်မှုထမ်း စုဆောင်းခံရသူ သင်တန်းသားသစ်များ သေဆုံးခဲ့ကြောင်း သင်တန်းသားသစ်တစ်ဦး၏ ညီမဖြစ်သူက ပြောပါသည်။
အာရက္ခတပ်တော်၏ ဇူလိုင် ၇ ရက်နေ့ စစ်ရေး သတင်းထုတ်ပြန်ချက်တွင် တပ်မ (၁၀၁) မှ တပ်ရင်း (၁၀) ရင်းစလုံး သံတွဲမြို့စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြပြီး အဆိုပါတပ်ရင်းများ အားလုံးနီးပါးကိုလည်း အပြတ်အသတ် ချေမှုန်းနိုင်ခဲ့ကြောင်း၊ သံတွဲဒေသတိုက်ပွဲများအတွင်း ရန်သူ့ စစ်ကောင်စီအလောင်း (၄၀၀) ကျော်အား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
နိရဉ္စရာ ပေးပို့သည်။