စစ်မှုထမ်းသင်တန်းဆင်းတပ်သားနှစ်ဦး တနင်္သာရီမြို့နယ်ပကဖထံ အလင်းဝင်

By MPM 12 မတ်, 2025 👁 4

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦး အလင်းဝင်ခဲ့သည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မတ် ၁၁ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပုလောမြို့အခြေအစိုက် အမှတ်-၂၈၅ ခြေလျင်တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေရသော စစ်မှုထမ်းအပတ်စဉ် (၁) သင်တန်းဆင်း တပ်သားမောင်မျိုးနှင့် တပ်သားဂျာဂျာတို့နှစ်ဦး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပကဖအဖွဲ့ဝင်တို့နှင့် ချိတ်ဆက်ပြီး အလင်းဝင်လာသည်ဟု ဆိုသည်။

သူတို့နှစ်ဦးဟာ တနင်္သာရီမြို့နယ် သိန်းခွန်ကျေးရွာ တိုက်ပွဲအတွင်း ထွက်ပြေးလာပြီးနောက် ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံ အလင်းဝင်ရောက်လာတာ ဖြစ်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အလင်းဝင်လာသည့် ပြည်သူစစ်မှုထမ်း တပ်သားနှစ်ဦးသည် စစ်ကောင်စီတပ်သားများက ပေါ်တာဆွဲဖမ်းဆီးခြင်း၊ နေအိမ်ကနေ စစ်မှုထမ်းခေါ်ဆောင်ခံရတာကြောင့် တပ်ထဲရောက်လာသူများ ဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသူနှစ်ဦးကို နေ့ထိုင်စားသောက်ရေး စီစဉ်ပေးထားပြီး တစ်ဦးမှာ စစ်ကောင်စီ တိုက်ခိုက်ရေး လုပ်ငန်းတွင် ပါဝင်သွားရန် သဘောတူထားသည်ဟု ဆိုသည်။

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီမြို့နယ် ပကဖထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအထိ ရှိလာသည်ဟု သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။