ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများအားလုံးတွင် ၂၀၂၅ ခုနှစ်အတွက် စစ်ဘေးရှောင်တစ်ဦးချင်းစီအား ၆ လစာ ဆန်ရိက္ခာထောက်ပံ့နိုင်ရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် – KPSN က ပြောဆိုသည်။
သဘာဝဘေးအန္တရာယ်ပေါ်အခြေခံသည့် ဆန်စပါးရိတ်သိမ်းနိုင်မှု အခက်အခဲနှင့် စားနပ်ရိက္ခာအကျပ်အတည်းများအပြင် စစ်ရေးပဋိပက္ခများကြောင့် ကော်သူးလေနယ်မြေများအားလုံးတွင် နေရပ်စွန့်ခွာရသူဦးရေသည် ယခု ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ စစ်ဘေးရှောင် ၁ သန်းကျော် ရှိလာသည်ဟု KPSN က ဆိုသည်။
ထိုစစ်ဘေးရှောင် ၁ သန်းကျော်အတွက် ၆ လစာ ဆန်ရိက္ခာထောက်ပံ့နိုင်ရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်ခြင်းဖြစ်ကြောင်း KPSN ၏ “ တို့ပိုင်သည့်မြေ တို့အုပ်ချုပ်မည်” အမည်ရှိ အွန်လိုင်းဖြင့်ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက်ပွဲ အခမ်းအနားတွင် KPSN က ထိုသို့ပြောဆိုခြင်း ဖြစ်သည်။
KPSN ဒါရိုက်တာနောဝါးခူးရှီးက “စပါးတွေ ပျက်စီးတာကြောင့် သီးထပ်စိုက်တာတို့၊ အစားထိုးသီးနှံစိုက်တာတို့ လုပ်ဖို့ရှိတယ်။ တချို့နေရာတွေမှာဆိုလည်း ဆန်ဂိုဒေါင်လုပ်ဖို့ စီမံကိန်းတွေထားပြီး ဖြေရှင်းဖို့ကြိုးစားနေပါတယ်။ နိုင်ငံတကာအကူအညီကို မှီခိုနေရပေမယ့်လည်း ကျမတို့ နိုင်ငံတကာ ကရင်အဖွဲ့တွေ၊ ဘုရားကျောင်းတွေကနေ လည်း စစ်ရှောင်တွေကိုကူညီဖို့ အထောက်အပံ့ရတယ်” ဟု ပြောသည်။
ကော်သူးလေနယ်မြေများတွင် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် စစ်ဘေးရှောင်ဦးရေ ၃၄၇,၀၀၀ ရှိခဲ့ရာမှ ၂၀၂၄ စက်တင်ဘာတွင် စစ်ဘေးရှောင်သူ ၁ သန်းကျော်ထိ ရှိလာပြီး စစ်ရှောင်အရေအတွက် များပြားလာတာကြောင့် ကရင်အဖွဲ့အစည်းများက စစ်ရှောင်များ လိုအပ်နေသည့် စားနပ်ရိက္ခာ ၆ လစာ အစား ၃ လစာသာ ထောက်ပံပေးနိုင်တော့ကြောင်း သိရသည်။
ယင်းအပြင် ၂၀၂၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုသဘာဝဘေးဒဏ်ကိုပါ တပြိုင်တည်းကြုံတွေ့ရပြီး ဒေသတွင်းရှိ စိုက်ပျိုးစပါးခင်းများ ပျက်စီးဆုံးရှုံးခဲ့တာကြောင့် စစ်ဘေးရှောင် ၁ သန်းကျော်အတွက် ၂၀၂၅ ခုနှစ် တွင် တစ်ဦးလျှင် ၆ လစာ ဆန်ရိက္ခာထောက်ပံမှုပေးရန် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၁၄ သန်း လိုအပ်နေခြင်းဖြစ်သည်ဟု KPSN ကပြောသည်။
စစ်အာဏာသိမ်းထားသည့် ၄ နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီအခြေစိုက်သည့် တပ်စခန်းပေါင်း (၇၀) ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ KNU ထိန်းချုပ်နယ်မြေအများစုကို ပြန်လည်ရရှိခဲ့ကြောင်း KPSN အစီရင်ခံစာတွင် ဖော်ပြထားသည်။
KNLA ၏ စစ်ရေးတိုးချဲ့လာမှုအပေါ် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်မှုများကို ပိုမိုပြုလုပ်ခဲ့ခြင်းကြောင့် ကော်သူးလေဒေသများတွင် စစ်ဘေးရှောင်ဦးရေကို တိုးပွားစေခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၄ ခုနှစ် ဩဂုတ်အထိ KNU ခရိုင် ၇ ခု တွင် အရပ်သား ထိခိုက်မှု ၁ ထောင်ကျော်ရှိခဲ့ပြီး သထုံခရိုင်နှင့် ညောင်လေးပင်ခရိုင်က အများဆုံးဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ စစ်ဘေးရှောင်ဦးရေ ၄ သိန်းကျော်ဖြင့် ညောင်လေးပင်ခရိုင်က အများဆုံးဖြစ်သည်ဟု KPSN ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏မြေပြန့်အခြေစိုက် စစ်တောင်းမြစ်ဝှမ်း၊ နေပြည်တော်တို့နှင့်နီးကပ်ပြီး KNLA ပူးပေါင်းတပ်၏ ထိန်းချုပ်နယ်မြေများဖြစ်လာသော ညောင်လေးပင်ခရိုင်သို့ စစ်တပ်က ပိုမိုပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်ပြီး စုစုပေါင်းစစ်ရှောင်ဦးရေမှာလည်း ၂၀၂၃ ခုနှစ်ကထက် ၄၀ ရာခိုင်နှုန်း တိုးမြှင့်သွားကြောင်း KPSN က ရေးသား ဖော်ပြသည်။
စစ်ရှောင်ဦးရေ တိုးပွားလာသည်နှင့်အမျှ KPSN အပါအဝင် ကရင်လူသားချင်းစာနာမှု အဖွဲ့အစည်းများ၏ တုံ့ပြန် အကူအညီပေးမှု လိုက်ပါတိုးမြှင့်ပြီး ကော်သူးလေနယ်မြေအားလုံးကို လက်လှမ်းမီနိုင်စွမ်းရှိသော်လည်း နယ်စပ် ဖြတ်ကျော်မှုအကူအညီ မပေးနိုင်သေးခြင်းက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်ဟု KPSN က ဆိုသည်။
စားနပ်ရိက္ခာနှင့် လုံခြုံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေးသည် လူထုစိုက်ပျိုးရေးစီမံကိန်းအသစ်များကို ပံ့ပိုးပေးနိုင်မည့် ရန်ပုံငွေထောက်ပံ့မှုများလိုအပ်သလို ဖြေရှင်းနိုင်ခြင်းမရှိပါက ကော်သူးလေနယ်မြေများကို စွန့်ခွာလာသော ဒုက္ခသည်အရေအတွက် များပြားတိုးမြင့်လာနိုင်သည်ဟုလည်း KPSN က သုံးသပ်ဖော်ပြသည်။
KIC ပေးပို့သည်။