ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာတို့က ရွာသူရွာသားများကို စစ်ကောင်စီတပ်က ရွာကနေ အတင်းဓမ္မနှင်ထုတ်ထားပြီး ရွာ၌ကျန်ရှိနေသည့် နေအိမ်များကို ဖြိုဖျက်ရောင်းချနေသလို အိမ်အသုံးအဆောင်ပစ္စည်းများကိုလည်း မတရားယူဆောင်ကာ တန်ကြေးထက်နိမ့်ပြီး ရောင်းစားနေသည်ဟု ဒေသခံများက ပြောသည်။
နေအိမ်များကို ဖြိုဖျက်ရောင်းချခံနေရသည့် ကျေးရွာများမှာ စစ်တွေမြို့ပေါ်နှင့် အနီးဆုံးတွင်တည်ရှိသည့် ရွှေပြည်သာနှင့် ကျေးတောရွာတို့ ဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများက နေအိမ်များကို ဖောက်ထွင်းပြီး အိမ်အသုံးအဆောင်များကိုလည်း ၎င်းတို့၏ တပ်ရင်းမိသားစုထံကို ယူဆောင်နေကြသလို တချို့ပစ္စည်းများကို ကားများနှင့်တင်ပြီး သွားရောင်းစားနေကြသည်ဟု တွေ့မြင်ကြရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “အခုဆိုရင် စစ်တွေနဲ့ ကျေးတောတို့၊ ရွှေပြည်သာကို ဆက်သွယ်ထားတဲ့ ဆတ်ရိုးကျ တံတားကနေ မြို့ပြင်ဘက်တောက်လျှောက် စစ်တပ်နယ်မြေ ဖြစ်သွားပြီ။ ရွာမှာ လူတစ်ယောက်မှ မရှိတော့ဘူး။ အရပ်သားတွေ မရှိတော့တဲ့အခါ အကုန်လုံးဖြိုပြီး စစ်သားတွေ ရောင်းနေကြတာ” ဟု ဆိုသည်။
အိမ်များကို ဖြိုဖျက်ရာတွင် တံခါးပေါက်များ၊ အိမ်တံခါးများ၊ တံခါးဘောင်များ၊ ပျဉ်ချပ်များနှင့် သွပ်များကိုခွာပြီး အချပ်လိုက် တေပါကာတစ်စီးအပြည့်ကို ငွေကျပ် ၄ သိန်းမှ ၆ သိန်းခန့်ဖြင့် ရောင်းစားနေကြကြောင်း ဒေသခံများက ပြောဆိုသည်။
စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်မည်ဟုဆိုကာ စစ်တွေမြို့ပြင်ရှိ ဗျိုင်းဖြူကျေးရွာသားများကို စစ်ကောင်စီက ပြီးခဲ့သည့် မေလနောက်ဆုံးပတ်က နှင်ထုတ်ခဲ့ပြီး စက်တင်ဘာလအတွင်း၌လည်း ဗျိုင်းဖြူရွာအနီးရှိ ရွှေပြည်သာကျေးရွာနှင့် ကျေးတောရွာမှ ဒေသခံရွာသားများကို ထပ်မံနှင်ထုတ်ခဲ့ခြင်းဖြစ်သည်။
နိရဉ္စရာ ပေးပို့သည်။