စစ်တွေထောင်မှ အကျဉ်းသားများကို ရန်ကုန်သို့ ထပ်မံရွှေ့ပြောင်းပို့‌ဆောင်ရန် စစ်ကောင်စီ စီစဉ်နေ

By MPM 21 စက်တင်ဘာ, 2024 👁

ရခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် နှစ်ရှည်ထောင်ဒဏ်သမားများကို ရန်ကုန်သို့ ပြောင်းရွှေ့ပို့ဆောင်ရန် စစ်ကောင်စီက စီစဉ်နေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

လာမည့်အောက်တိုဘာလတွင် ပြောင်းရွှေ့နိုင်ရန်အတွက် လူဦးရေစာရင်း‌ကောက်ယူနေပြီး အကျဉ်းသားမည်မျှ ပြောင်းရွှေ့သွားမည်၊ မည်သည့်အတွက်ကြောင့် ပြောင်းရွှေ့မည်ကို မသိရှိရသေးပေ။

အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက “အခုကတည်းကနေ လူဦးရေစာရင်း ကောက်နေပြီ။ နိုင်ငံရေးပုဒ်မနဲ့ ချမှတ်ခံထားရသူတွေ၊ နှစ်ရှည်ထောင်ဒဏ် ချမှတ်သူတွေကို ပြောင်းမှာလို့သိရတယ်။ ဘယ်နှစ်နှစ်အထက်ဆိုတာတော့ အတိကျမသိရဘူး” ဟု ပြောသည်။

စစ်တွေထောင်တွင် နိုင်ငံရေးပုဒ်မအသီးသီးဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၅၀၀ ဦး ထက်မနည်း ရှိနေပြီး အကျဉ်းသားများကို ရန်ကုန်သို့ပြောင်းရွှေ့ရန် စီစဉ်နေခြင်းနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

“ကိုယ့်ဒေသမှာမဟုတ်ဘဲ တခြားနေရာတခုကို ပြောင်းရွှေ့မယ်ဆိုရင်တော့ အကုန်လုံးစိုးရိမ်စရာပါ။ အခုဆိုရင် တပတ်တခါ သူတို့ကို သွားတွေ့လို့ရတယ်။ ထောင်ပြောင်းလိုက်တော့ သူတို့ကိုတွေ့ဖို့လည်း ခက်ခဲတယ်။ သူတို့ ဘာဖြစ်နေပြီလဲ၊ ဘာလုပ်လိုက်ပြီလဲကအစ အကုန်လုံး စိုးရိမ်တယ်” ဟု နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ချမှတ် ခံထားရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ကို အာရက္ခတပ်တော်က တိုက်ခိုက်လာတော့မည်ဟု ယူဆကာ အကျဉ်းသားများ ကြိုတင်ပြောင်းရွှေ့ခြင်း ဖြစ်နိုင်သလို၊ ထောင်တွင်းလူဦးရေ များပြားလာ၍ ပြောင်းရွှေ့ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

“တိုက်ပွဲဖြစ်လာရင် ‌ထောင်ထဲကလူတွေကို လွတ်သွားမှာကြောက်သလို၊ နောက်တခုက ထောင်ထဲကလူတွေကို သူတို့လိုအပ်ရင် လိုအပ်သလို သုံးလို့ရအောင်လို့ လုပ်တာလည်း ဖြစ်နိုင်တယ်။ တဖက်မှာလည်း စစ်တွေမြို့က ဒေသခံတွေကို အလုံးအရင်းဖမ်းပြီး ထောင်ချမှာဖြစ်လို့ အဟောင်းလူတွေ ပြောင်းတာလည်း ဖြစ်နိုင်တယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကိုတော့ ခန့်မှန်းရခက်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောဆိုသည်။

စစ်တွေမြို့တွင် စစ်ကောင်စီက ဒေသခံများကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးထောင်ချမှုများ လုပ်ဆောင်နေ၍ အကျဉ်းထောင်အတွင်း လူမဆံ့တော့၍ အဆောင်သစ်တိုးချဲ့မှုများနှင့် ရန်ကုန်သို့ ပြောင်းရွှေ့မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လကလည်း စစ်တွေထောင်မှ အကျဉ်းသား ၁၀၀ ခန့်ကို ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်သို့ ပြောင်း‌ရွှေ့ခဲ့သေးသည်။

အောင်ထိန် (DMG) ပေးပို့သည်။