စစ်တွေထောင်မှ အကျဉ်သားများအား စစ်သင်တန်းတက်ရန် ပြည်မဘက်သို့ ပြောင်းရွှေ့မှုများရှိနေ

By MPM 4 နိုဝင်ဘာ, 2025 👁

ရခိုင်ပြည် စစ်တွေမြို့ရှိ အကျဉ်းထောင်မှ အကျဉ်သားများအား စည်းရုံးပြီး စစ်သင်တန်းတက်ရန် ပြည်မဘက်သို့ ပြောင်းရွှေ့မှုရှိနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံရသူများအပါအဝင် လတ်တလောဖမ်းဆီးခံရသူများ၊ စစ်အာဏာသိမ်းပြီးနောက်ဖမ်းဆီးခံရသည့် အကျဉ်းသားများအပြင် မွတ်ဆလင်အကျဉ်းသားများအား အာဏာသိမ်းစစ်တပ်မှ စစ်မှုထမ်းပါက ထောင်ဒဏ်လွတ်ကင်းခွင့်ပေးမည်ဟု စည်းရုံးကာ အောက်တိုဘာလအတွင်းက ပြည်မဖက်သို့ ရေတပ်စစ်ရေယာဉ်များဖြင့် ပြောင်းရွေ့မှုများပြုလုပ်ခဲ့သည်ဟု စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ အကျဉ်းသားတွေပြောင်းရွေ့မှုက တိုက်ပွဲစဖြစ် ၂၀၂၃ ကတည်းကရှိနေတာ။ အခုလည်း အသစ်ဖမ်းလို့ရတဲ့ဟာတွေ။ နှစ်ရှည်သမား‌တွေ တစ်သက်တကျွမ်း ချခံရသူ‌တွေကို ပြောင်းနေတာရှိတယ်။ သူတို့က စစ်မှုထမ်းရင် ပြစ်ဒဏ်လျော့မယ်။ ကင်းလွတ်မယ်ဆိုပြီး စည်းရုံးပြီး ပြည်မဖက်ကို စစ်သင်တန်းတက်ဖို့ ခွဲပြီးပို့နေတာ” ဟု ပြောသည်။

ယခုလိုပို့ဆောင်ရာတွင် မွတ်ဆလင်အကျဉ်းသားများလည်း ပို့ဆောင်ခံနေရသည်ဟု ထောင်တွင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ စစ်တွေမှာ လတိုင်းဖမ်းဆီးမှုတွေ ရှိတယ်။ ‌စစ်တွေအချုပ်ထဲ ထောင်ထဲမှာထားစရာနေရာတောင် မရှိတော့ဘူး။ AAသံသယနဲ့ဖမ်းတဲ့သူရော မူးယစ်၊ခိုးဆိုးအမှုပေါင်းစုံပေါ့။ မဟုတ်မမှန်စွပ်စွဲပြီး ဖမ်းထားတာတွေကိုစစ်သားလိုအပ်ချက်‌တွေရှိလာတော့ အဲ့ဒီအကျဉ်းသားတွေကို စည်းရုံးသိမ်းသွင်းပြီး စစ်သင်တန်းပို့တယ်။ လစာလည်းရမယ်။ ထောင်ကျခံစရာလည်း မလိုဆိုတော့ ထောင်သားတွေက သူတို့စည်းရုံးတဲ့ အတိုင်းပါသွားကြတယ်” ဟု ပြောသည်။

လက်ရှိတွင် အကျဉ်းသားများအား ရန်ကုန်သို့ပို့ဆောင်ပြီး ထိုမှတဆင့် စစ်သင်တန်းများ ဆက်လက်ပို့ဆောင်သည်ဟု ၎င်းက ပြောဆိုသည်။

စစ်တွေအကျဉ်းသားများအား စစ်သင်တန်းတက်ရန် ပြောင်းရွှေ့မှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း နိရဉ္စရာအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်၍ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

စစ်တွေအကျဉ်းထောင်ထဲတွင် တိုက်ပွဲကာလအတွင်းက ရွေ့ပြောင်းထားသည့် ဘူးသီးတောင်အကျဉ်းထောင်များမှ မွတ်ဆလင်အကျဉ်းသားများ၊ မြို့သိမ်းကာလအတွင်းက မြို့တွင်းပိတ်မိနေသူ၊ လမ်းသွားလမ်းလာများအား ဖမ်းဆီးခံရသူ၊ စစ်တပ်ထိန်းချုပ်ခဲ့စဉ် ကျေးရွာများအတွင်းသို့ စီးနင်းဝင်ရောက် ဖမ်းဆီးခံရသူအပါအဝင် စစ်တွေမြို့တွင်း၊ မြို့ပြင် ကျေးရွာများမှ ဖမ်းဆီးခံရသူများ အများအပြားရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၄ အောက်တိုဘာ ၈ ရက်နေ့ကလည်း စစ်ရေးအခြေအနေတင်းမာလာသည့် စစ်တွေမြို့ အကျဥ်းထောင်မှ အကျဥ်းသား ၃၀၀ ခန့်ကို စစ်ကောင်စီတပ်က ညအချိန်တွင် ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၀၅ စက်တင်ဘာလ နောက်ဆုံးအပတ်ကလည်း စစ်တွေအကျဥ်းထောင်မှ အကျဥ်းသား ၅၀၀ ခန့်ကို စစ်ကောင်စီက ဇက်ရေယာဥ်ဖြင့် တင်ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် အောက်တိုဘာလအတွင်းကလည်း စစ်တွေအကျဉ်းထောင်မှ ရေတပ်စစ်ရေယာဉ်များဖြင့် ထောင်ပြောင်းရွှေ့သွားသည့် နိုင်ငံရေးသမားများအပါအဝင် အကျဉ်းသား ၃၅၁ ဦးသည် ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အောက်တိုဘာ (၁၂) ရက်က ထုတ်ပြန်ခဲ့သည်။

နိရဉ္စရာ