စစ်တွေထောင်မှ စစ်ဘက်၊ ရဲဘက်ပြေးထောင်သား ၁၀၀ ခန့်ကို ခေါ်ထုတ်သွားဟုဆို

By MPM 8 ဒီဇင်ဘာ, 2023 👁

စစ်ကောင်စီတပ်သည် တပ်ထဲမှ ထွက်ပြေးနေသူများနှင့် ခွင့်မဲ့ပျက်ကွက်နေသူများကို စစ်မှုထမ်းရန် ခေါ်ယူသည့် အမိန့်စာထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်နှင့် ရခိုင်ပြည်၊ စစ်တွေထောင်မှ စစ်ပြေးနှင့် ရဲပြေး ထောင်သားများကို အပြင်သို့ ခေါ်ထုတ်သွားသည်ဟု သတင်းရရှိသည်။

ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိုင်းက အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် စစ်ပြေးနှင့် ရဲပြေးများကို ကား (၇) စီးဖြင့် ခေါ်ထုတ်သွားသည်ကြောင်းနှင့် အလားတူ ယင်းနေ့မှာပင် စစ်တွေမြို့ အကျဥ်းထောင်အတွင်းမှ စစ်ပြေးနှင့် ရဲပြေးထောင်သား ၁၀၀ ခန့်ကို စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ခိုင်းရန်အတွက် အပြင်သို့ ခေါ်ထုတ်သွားသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။

စစ်တွေအကျဉ်းထောင်နှင့် နီးစပ်သည့်မြို့ခံတစ်ဦးက “ထောင်သားတွေက စစ်ပြေးတွေပါ။ သူတို့က ဘယ်သူ ဘယ်ဝါမှန်းတော့ မသိဘူး။ ထောင်ထဲကနေ စစ်တပ်ကိုပို့တာ။ စစ်မှုပြန်ထမ်းခိုင်းဖို့ ခေါ်ထုတ်သွားတာလို့ သိရပါတယ်” ဟု ပြောသည်။

အကျဉ်းထောင်သားများထဲတွင် မုဒိမ်းမှုများ၊ စစ်ဘက်ဆိုင်ရာ ပြစ်မှုကြီးများဖြင့် တသက်တကျွန်းပြစ်ဒဏ် ချမှတ်ခံထားရသူများ၊ သေဒဏ်ချမှတ် ခံထားရသူများလည်း ပါဝင်သည်ဟု သိရသည်။

စစ်တပ်ထဲဝင်ပါက လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသည့် မက်လုံးဖြင့် ယခုကဲ့သို့ ခေါ်ဆောင်သွားခြင်း ဖြစ်နိုင်သည်ဟုလည်း ပြောဆိုကြပြီး ၎င်းတို့ကို စစ်တွေ ခလ၇ (၂၀) သို့ ခေါ်ဆောင်သွားသည်ဟုလည်း မြို့ခံတစ်ဦးက ပြောပါသည်။

“သူတို့ကို စစ်တွေခလရ ၂၀ ကို ပို့လိုက်တယ်။ ဒါကတော့ သူတို့မှာ အင်အားနည်းနေတော့ ဒီလူတွေကို အသုံးချမှာပဲလေ” ဟု ၎င်းက ပြောသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားအကျဉ်းသူပေါင်း ၂၀၀၀ ခန့်ရှိသည်ဟု ထောင်တွင်းနှင့်နီးစပ်သူများက ပြောသည်။

စစ်ကောင်စီက ထွက်ပြေးနေသည့် တပ်ပြေးများအနေဖြင့် စစ်တပ်ထဲ ပြန်လည်ဝင်ရောက်လိုပါက သာမန်ခွင့်ပျက်သည့် သဘောဖြင့် ပြန်လည်လက်ခံမည်ဟု ဒီဇင်ဘာ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

နိရဉ္စရာ ပေးပို့သည်။