စစ်တွေထောင်တွင် အကျဉ်းသားများလာတာကြောင့် အဆောင်ဟောင်းများပါ ပြုပြင်အသုံးပြုနေဟုဆို

By MPM 8 ဩဂုတ်, 2024 👁

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် အကျဉ်းသားဦးရေများလာသဖြင့်၊ ပျက်စီးနေသော အဆောင်ဟောင်းများကိုပါ ပြုပြင်အသုံးပြုနေရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံက သတင်းရရှိသည်။

စစ်တွေအကျဉ်းထောင်ရှိ အခန်းကြီးတစ်ခုတွင် အကျဉ်းသားဦးရေ ၅၀ သတ်မှတ်ထားရှိရာမှ လက်ရှိမှာ လူဦးရေ ၆၀ ကျော်အထိ ပြွတ်သိပ်နေထိုင်ရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။

“ဒီတိုက်ပွဲကာလအတွင်း စစ်တွေမြို့မှာတင် ဖမ်းဆီးခံရပြီး ထောင်ထဲရောက်နေတာ ၃၀၀ နီးပါးရှိတယ်။ နောက် ဘူးသီးတောင်နဲ့ သံတွဲထောင်က ရွှေ့ပြောင်းထားတဲ့ အရေးကြီးအကျဉ်းသားတွေလည်း ရှိတယ်။ လူဦးရေက သတ်မှတ်ထားတာထက် များလာတာကြောင့် အရင်က အသုံးမပြုဘဲထားတဲ့ အဆောင်ဟောင်းတွေမှာပါ ယာယီပြုပြင်ပြီး ထားနေရတယ်” ဟု စစ်တွေအကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

စစ်တွေထောင်တွင် ယခင်က အကျဉ်းချထားသူများအပြင် လက်ရှိတိုက်ပွဲကာလ စစ်ကောင်စီက ဖမ်းဆီးထား သည့် အချုပ်သားများနှင့် တခြားထောင်အသီးသီးမှ အကျဉ်သား ရာနှင့်ချီရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်တွေအကျဉ်းထောင်တွင် အကျဉ်းသားဆန့်သည့် အရေအတွက်မှာ ၁၀၀၀ ဦး အထိသာ သတ်မှတ်ထားသော်လည်း လက်ရှိ၌ အကျဉ်းသား ၁၂၀၀ ကျော် အထိရှိနေ၍ နေရာထိုင်ခင်း အခက်အခဲများအပြင် စားနပ်ရိက္ခာအတွက်ပါ ကျပ်တည်းလာသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းသားဦးရေ များပြားလာတာကြောင့် ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသားများအား ထောင်ရွှေ့ပြောင်းမည်ကို အကျဉ်းသားမိသားစုတို့က စိုးရိမ်နေကြသည်။

“ထောင်မှာကလည်း လူတွေ အရမ်းများလာတယ်လို့ ကြားတယ်။ ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသားတွေကို တခြားပြည်မဘက်က ထောင်တွေကို ပို့မှာကို စိုးရိမ်ရတယ်။ အဲလိုပို့လိုက်ရင် ထောင်ဝင်စာပို့ဖို့ကအစ အခက်အခဲ ရှိလာနိုင်တယ်။ မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်သွားမှာကို စိုးရိမ်ရတယ်” ဟု စစ်တွေမြို့မှ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျခံနေရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

ရခိုင်တွင် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက စတင်ပြီး စစ်ကောင်စီက စစ်တွေမြို့ကို ပိတ်ဆို့ပြီး အရပ်သားများကို ဖမ်းဆီး၊ ငွေညှစ်မှုများ၊ တရားစွဲဆိုမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။

အကျဉ်းထောင်အပြင် စစ်တွေမြို့ရှိ ရဲစခန်းများ၌လည်း အချုပ်သားများဖြင့် ပြည့်ကျပ်နေကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သူများထံက သိရသည်။

ဆတ်ရိုးကျရပ်ကွက်မှ ဒေသခံတစ်ဦးက “အဓိက လူများသွားတာက စစ်ကောင်စီက ဗျိုင်းဖြူရွာ၊ မင်းဂံရပ်ကွက်နဲ့ အမြင့်ကျွန်း စတဲ့ ကျေးရွာတွေက လူဦးရေ ရာနဲ့ချီကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထားတာကြောင့်လည်း ပါတယ်။ အခုလည်း မကြာခဏ ဖမ်းဆီးနေတာကြောင့် ထပ်များလာအုံးမယ်ထင်တယ်” ဟု ပြောသည်။

ULA/AA ၏ မေ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက် အထိ ခြောက်လအတွင်း အရပ်သားပြည်သူ ၄၂၅ ဦးကို စစ်ကောင်စီက မတရားဖမ်းဆီးထားကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။