စစ်ကြောင်းနာမည်ခံ ငွေကြေးတောင်းခံမှု ထိရောက်စွာ အရေးယူသွားမည်ဟု ဒေါနစစ်ကြောင်း ထုတ်ပြန်အသိပေး

By MPM 30 နိုဝင်ဘာ, 2024 👁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် ဒေါနစစ်ကြောင်းနာမည်ခံပြီး ငွေကြေးတောင်းခံမှု ရှိနေသည့်အတွက် တိုင်ကြားပေးကြဖို့နှင့် သိရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု ဒေါနစစ်ကြောင်းက နိုဝင်ဘာ၂၈ ရက်နေ့ ရက်စွဲနှင့် အသိပေးထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အဖွဲ့ ဒေါနစစ်ကြောင်းက ဒေသတွင်းပြည်သူလူထုထံကနေ ငွေကြေးကောက်ယူခြင်း၊ ငွေညှစ်ခြင်း၊ လောင်းကစားဝိုင်းမျာ ခွင့်ပြုတာ၊ အခွန်ဆက်ကြေးကောက်ခံမှုတွေကို အဖွဲ့အစည်း စတင်တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်အထိ ပြုလုပ်ခဲ့တာမရှိဘူးလို့ အသိပေး ပြောဆိုသည်။

ထိုအခြေအနေကြောင့် ဒေါနစစ်ကြောင်းအမည်သုံးပြီးဖြစ်စေ၊ ဒေါနစစ်ကြောင်း၏ ရဲဘော်တစ်ဦးဦးမှဖြစ်စေ ငွေကြေးတောင်းခံလာပါက သက်သေနှင့်တကွ ထုတ်ပြန်ထားသော ဖုန်းနံပါတ် (သို့) ဒေါနစစ်ကြောင်း Facebook Page တွင် လာရောက်တိုင်ကြားနိုင်သည်ဟု အသိပေးထားပါသည်။

ဒေါနစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ယုယက “ရေဖြူနဲ့ ကံပေါက်ဒေသအပါအဝင် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းရဲ့ နေရာတချို့မှာ ကုန်ကားသမားတွေထံကနေ ငွေကြေးတောင်းခံမှုတွေ ရှိနေတဲ့အတွက် အခုလို အသိပေးထုတ်ပြန်ရတာ ဖြစ်တယ်” ဟု ပြောသည်။

ဒေါနစစ်ကြောင်းအနေဖြင့် စစ်ကြောင်းအမည်ခံ ငွေကြေးတောင်းခံမှုများကို စုံစမ်းမေးမြန်းမှုတို့ လုပ်ဆောင်နေပြီး သိရှိပါက ထိရောက်စွာ အရေးယူသွားမည်ဟု ၎င်းက ပြောဆိုသည်။

ဒေါနစစ်ကြောင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးနှင့် ရေဖြူမြို့နယ်အတွင်း အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသလို စစ်ကောင်စီတပ်စခန်း သိမ်းပိုက်မှုတို့ကိုလည်း ဆင်နွှဲထားသည့် စစ်ကြောင်းတစ်ခုလည်းဖြစ်သည်။

ယင်းအပြင် ဒေါနစစ်ကြောင်းသည် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်းဖြစ်သည့် ရေး – ထားဝယ် လမ်းပိုင်းကိုလည်း တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး အချိန်တစ်နှစ်ကျော်ကြာတဲ့အထိ ထိန်းချုပ်ခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။