စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

By MPM 4 နိုဝင်ဘာ, 2025 👁

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာလ ၂ ရက် ညနေ ၅ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် (၆) တွင် နေထိုင်သည့် အမျိုးသားနှစ်ဦးသည် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်အား ထုခွဲပြီး ယမ်းထုတ်ယူရာမှ အဆိုပါလက်နက်ကြီးကျည် ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း နမ့်ဖတ်ကာဒေသခံများက ပြောသည်။

“နှစ်ယောက်လုံး သေတယ်။ လူလတ်ပိုင်းနှစ်ယောက် ယမ်းလိုချင်လို့ သွားထုခွဲတယ်ပြောတယ်။ လက်နက်ကြီးကျည်ကို ရိုက်ခွဲပြီး ယမ်းကို ထုတ်ဖို့ကြိုးစားလို့ ပေါက်ကွဲတာ။ နမ့်ဖတ်ကာ ရပ်ကွက် ၅ မှာ ဖြစ်သွားတာ” ဟု နမ့်ဖတ်ကာဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖတ်ကာတွင် မပေါက်ကွဲသေးသည့် အဆိုပါ ၆၀ မမ အမျိုးအစား လက်နက်ကြီးကျည်ကို ကချင်လွတ်လပ်ရေးတပ် (KIA) လက်အောက်ခံ ဒေသကာကွယ်ရေးတပ်သားတစ်ဦးမှ ကောက်ယူလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ရပ်ကွက် (၅) ရှိ နေအိမ်တစ်ခုသို့ ယူဆောင်လာပြီး ယမ်းထုတ်ယူရန် ကြိုးစားခဲ့စဉ် ပေါက်ကွဲခြင်းကြောင့် ၎င်း KIA တပ်သားအပါအဝင် အမျိုးသားနှစ်ဦးသည် ဦးခေါင်းနှင့် မျက်နှာ ထိမှန်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

အလားတူ ယမန်နှစ် (၂၀၂၄) ခုနှစ် အောက်တိုဘာလ တွင်လည်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာအုပ်စု၊ ပန်ခါးကျေးရွာတွင် အမျိုးသား (၂) ဦးသည် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် (၆၀) မမ ကျည်တစ်လုံးအား ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဉ် ပေါက်ကွဲခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ ညီနောင်မဟာမိတ်တပ်များ က “၁၀၂၇ စစ်ဆင်ရေး” အတွင်း ထိန်းချုပ်ထားနိုင်သည့် နမ္မတူ၊ နမ့်ဆန်၊ ကွတ်ခိုင်နှင့် သိန္နီမြို့များတွင် လက်ရှိအချိန်အထိ တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် လက်နက်ကြီးများနှင့် မြေမြှုပ်မိုင်းများကို ပြန်လည်ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲ လစဉ်နီးပါး လူထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ ဆက်ရှိနေသည်။

ထို့အပြင် ဒေသခံများမှာလည်း အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်ကော်မရှင်တပ်စခန်းဟောင်း အနီးတစ်ဝိုက်တွင် သေနတ်အပါအဝင် မပေါက်ကွဲသေးသည့် စစ်ကျန် လက်နက်ကြီးကျည်များ လက်ပစ်ဗုံးများနှင့် ပေါက်ကွဲပြီးသည့် စစ်လက်နက်ပစ္စည်းအပိုင်းအစများ သွားရောက်ရှာဖွေကာ ပြန်လည်ရောင်းချမှုများရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့်