6 ဇွန် 2026 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီ၏ နျူကလီးယားစီမံကိန်း ဒေသတွင်းနိုင်ငံများ အန္တရာယ်ဖြစ်စေနိုင်ဟု NUG သတိပေးပြောဆို

စစ်ကောင်စီ၏ နျူကလီးယားစီမံကိန်း ဒေသတွင်းနိုင်ငံများ အန္တရာယ်ဖြစ်စေနိုင်ဟု NUG သတိပေးပြောဆို

စစ်ကောင်စီ၏ နျူကလီးယားဓာတ်အားပေးစက်ရုံစီမံကိန်းက ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့်တည်ငြိမ်ရေးကို ထိပါးလာနိုင်သည့်အတွက် အထူးအလေးထားတုန့်ပြန်ဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒေသတွင်းနိုင်ငံများအား သတိပေးပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၁၃ ရက်နေ့က နှစ်ပတ်တစ်ကြိမ်ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ထို့သို့ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးနေဘုန်းလတ်က “ဒီလိုလုပ်ရပ်မျိုးတွေဟာ နောင်တချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေသာမက ဒေသတွင်းနိုင်ငံတွေနဲ့ အဲဒီနိုင်ငံတွေရဲ့ ပြည်သူလူထုတွေရဲ့ လုံခြုံရေးနဲ့တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူလူထုနဲ့အတူ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထား တုန့်ပြန်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်” ဟု ပြောသည်

ပြီးခဲ့သည့် မတ်လက စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။

စစ်ကောင်စီက နျူကလီးယား ဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်းအလယ်ပိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် တည်ဆောက်မည်ဟု ပြောဆိုထားသည်။

စစ်ကောင်စီက နျူကလီးယားစက်ရုံတည်ဆောက်မည့် အခြေအနေကြောင့် ဒေသတွင်းပြည်သူများနှင့် ထိုင်းနိုင်ငံ ပြည်သူများ၏ လုံခြုံရေး၊ အန္တရာယ်ကင်းရှင်းမှုနှင့် ကောင်းမွန်သော ဘဝနေထိုင်မှုအတွက် အလွန်စိုးရိမ်ပူပန်မိသည်ဟု KNU က မေလ ၉ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းပြောဆိုထားသည်။

စစ်ခေါင်းဆောင်၏ လုပ်ရပ်နှင့်ပတ်သက်၍ ဦးနေဘုန်းလတ်က “အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတစ်စုဟာ သူတို့ရဲ့အာဏာတည်မြဲရေးတစ်ခုသာ ရှေ့ရှု့ပြီး ပြည်သူလူထုရဲ့အခွန်ဘဏ္ဍာတွေကို ထင်သလို အသုံးပြုနေသလို အချို့သောနိုင်ငံတွေနဲ့ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းစတဲ့ လုပ်ငန်းစာချုပ်တွေချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမြော်အမြင်ကင်းမဲ့စွာ အသုံးချ လျက်ရှိနေပါတယ်” ဟု ပြောသည်။

အဆိုပါ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံကို ရှရှားနိုင်ငံက တည်ဆောက်ပေးမည်ဖြစ်ပြီး မဂ္ဂါဝပ် ၁၁၀ အသေးစား နျူးကလီးယားဓာတ်ပေါင်းဖိုကို မဂ္ဂါဝပ် ၃၃၀ အထိ စွမ်းဆောင်ရည် ထပ်မံတိုးချဲ့နိုင်ရန်လည်း သဘောတူညီခဲ့ကြသည်ဟု ရှရှားသတင်းဌာနများ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် Alexei Likhachev နှင့် မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီး မျိုးသိန်းကျော်တို့က နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

ထို့အပြင် အဏုမြူနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးအတွက်လည်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

အာဆီယံ ၁၀ နိုင်ငံက ၁၉၉၅ ခုနှစ်မှာ နျူးကလီးယားလက်နက် ကင်းမဲ့ဇုန်သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားကြပြီး ထိုသဘောတူညီချက်ကို ဘန်ကောက်သဘောတူညီချက် Bangkok Treaty ဟု ခေါ်သည်။

NMG ပေးပို့သည်။