စစ်ကောင်စီဝန်ထမ်းများ အလင်းဝင်ရန် တနင်္သာရီပအဖသတိပေး

0
423
ပုံစာ - တနင်္သာရီပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေးချက်ထုတ်ပြန်ချက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် NUG ထံ အလင်းဝင်ကြရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က နိုဝင်ဘာ ၂၂ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

Non CDM ဝန်ထမ်းများအနေဖြင့် လက်ရှိလုပ်ကိုင်နေသော ရုံးလုပ်ငန်းများကိုရပ်နားပြီး စာရွက်စာတမ်းများ နှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထံ လာမည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ကြရန် အသိပေးလိုက်ခြင်း ဖြစ်သည်။

အလင်းဝင်လာသူများထဲတွင် နွေဦးတော်လှန်ရေးကို ထိထိရောက်ရောက် ပါဝင်ကူညီခဲ့သူများအနေနှင့် မြို့နယ် ပအဖထံ တာဝန်ထမ်းဆောင်လိုပါက နိုင်ငံဝန်ထမ်းဆိုင်ရာ CDM မူဝါဒနှင့်အညီ စနစ်တကျစိစစ်ပြီး ကာလတို စာချုပ်ဖြင့် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက Non CDM ဝန်ထမ်းများအနေနှင့် ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ပြီး ပြည်သူ့ရင်ခွင်အမြန်ဆုံး ခိုလှုံကြရန် တိုက်တွန်းသည်ဟု ပြောဆိုသည်။

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် လာမည့် ဒီဇင်ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး အလင်းဝင်ရောက်ခြင်း မရှိသူများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမှာ ဖြစ်တယ်လို့ ပအဖပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်တခုတည်းတွင် ပြည်သူနှင့်ပူးပေါင်းလာသည့် ရဲနှင့်စစ်ကောင်စီ တပ်သား ၈၆ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ပအဖအဖွဲ့၏ စာရင်းဖော်ပြချက်များအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here