သျှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် ဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်တိုက်ခိုက်နေခြင်းအပေါ် တရုတ်နိုင်ငံက တားဆီးဟန့်တားပေးရန် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဩဂုတ်လ ၆ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
တိုင်းရင်းသားမိဘပြည်သူများကို သတ်ဖြတ်နေသော စစ်ကောင်စီတပ်၏ စစ်ရာဇဝတ် ကျူးလွန်နေမှုများကို တားဆီးဟန့်တားပါရန် တရုတ်နိုင်ငံအား အဓိကထားပြီး နိုင်ငံတကာ မိသားစုများအားလုံးကို တောင်းဆိုတိုက်တွန်းကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အဲ့လိုတောင်းဆိုမှုကတော့ ညီနောင်သုံးဖွဲ့အနေနဲ့ လုပ်သင့်တဲ့ကိစ္စပေါ့။ အခု လောက်ကိုင်မှာ ဗုံးကြဲနေတာ၊ လားရှိုးတိုက်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ ဗုံးကြဲပြနေတာ၊ လူထုအပေါ်မှာ လေကြောင်းထိုးစစ်ဆင်ပြီးတော့ လုပ်နေတာ၊ အခုကတော့ ဘာမှ စစ်ရေးပဋိပက္ခ မရှိဘဲနဲ့ တိုက်ခိုက်နေတဲ့ အတွက် တရုတ်အတွက်လည်း အန္တရာယ်ရှိတယ်” ဟု ပြောသည်။
တရုတ်နိုင်ငံအနေနှင့် မြန်မာပြည်တွင် ဖြစ်နေသည့် လက်နက်ကိုင် ပဋိပက္ခနှင့်ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တဘက်သက် တားဆီးရပ်တန့်ခိုင်းတာ၊ အပြစ်တင်တာတွေ မလုပ်ဘဲနဲ့ စစ်ကောင်စီ ကိုလည်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ လုပ်ဆောင်သင့်ကြောင်း ဦးသန်းစိုးနိုင်က ဆက်ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ရှိ အွန်လိုင်ငွေကြေး လိမ်လည်သည့် ကျားဖြန့် လုပ်ငန်းများကို ဖြေရှင်းနိုင်ခဲ့သော်လည်း သျှမ်းပြည်မြောက်ပိုင်းမှတဆင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည် ဖွင့်လှစ်ရန် ဆန္ဒရှိနေကြောင်း ၎င်းက ဆိုသည်။
“ကုန်စည်စီးဆင်းရေး မူဆယ်-မန္တလေး လမ်းကြောင်းဆိုတာက မန္တလေးကို ဘယ်သူက ဆက်ထိန်းနိုင်မလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေက မန္တလေးကို ထိန်းသိမ်းသွားနိုင်ရင်တော့ မူဆယ်-မန္တလေး လမ်းကြောင်းက ကုန်စည်စီးဆင်းမှုတွေ ပြန်ပြီးဖြစ်လာနိုင်ပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှ စတင်ပြီး ဩဂုတ်လ ပထမပတ်အထိ နှစ်ပတ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် (၄) ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အရပ်သား စုစုပေါင်း (၂၀) နီးပါး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ သိန္နီမြို့နှင့် ကွတ်ခိုင်မြို့ရှိ ဈေးများတွင် လူစည်ကားနေစဉ် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ သိန္နီမြို့တွင် အရပ်သား (၁၀) ဦးကျော် သေဆုံးပြီး (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ရှုံးနေသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲဇုန်မဟုတ်သည့် မြို့ရွာများရှိ ဈေး၊ စာသင်ကျောင်း၊ ဆေးရုံ အစ ရှိသည့် လူထုအဆောက်အအုံနှင့် အရပ်သား ပြည်သူလူထုတို့အား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် ကြီးလေးသော စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေကြောင်း ညီနောင်မဟာမိတ်တပ်များဘက်က ပြောသည်။
သျှမ်းနိုင်ငံရေးသုတေသီ စိုင်းဝမ်းစိုင်းက “စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးမကြဲဖို့ကတော့ တရုတ်က စစ်ကောင်စီကို တင်ပြနိုင်တယ်။ ဒါပေမယ့် လက်ခံ လက်မခံနိုင်ကတော့ ပြောလို့ မရသေးပါဘူး။ ဟိုင်ဂင်ဆွေးနွေးပွဲတော့ ဖြစ်လာဖို့ ရှိပါတယ်။ စစ်ကောင်စီ ပါဖို့ မပါဖို့ကတော့ ပြောရခက်ပါတယ်။ မပါဖို့တော့ များမယ်လို့ ထင်ရပါတယ်” ဟု ပြောသည်။
တဖက်တွင်လည်း စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က သျှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေများ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် အခြေအနေတွင် တရုတ်နိုင်ငံ၏ ပယောဂ မကင်းကြောင်း ဩဂုတ်လ ၅ ရက် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေများတွင် လက်နက်စက်ရုံများ ထူထောင်နိုင်ရန် ငွေကြေးနှင့် နည်းပညာများကို မည်သည့်နေရာမှ ထောက်ပံ့နေသည်ကို ဆန်းစစ်ရမည်ဟု မင်းအောင်လှိုင်က ၎င်း၏မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရှုံးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က လားရှိုးအခြေစိုက် ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားသည့် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကို ဆန့်ကျင်ဆန္ဒပြကြရန် ပြည်သူများကို စေခိုင်းခဲ့သည်။
“စစ်ကောင်စီရဲ့ တရုတ်ပါဝင်မှု စွပ်စွဲချက်က မဆန်းပါဘူး။ ကိုးကန့်ကို MNDAA ကို အပြစ်ဖို့တာလည်း တရုတ်ကို အပြစ်တင်တာနဲ့ အတူတူပါပဲ။ တရုတ်က စစ်ကောင်စီကို လူသစ်နဲ့ အစားထိုးချင်တယ်။ ဒါပေမယ့် ဖြစ်မလာတော့ မင်းအောင်လှိုင်ကို တနည်းနည်းနဲ့ ဖြုတ်ချဖို့ လုပ်နေတာလို့ မြင်ပါတယ်” ဟု စိုင်းဝမ်းစိုင်းက ပြောသည်။
တအာင်း (ပလောင်) တပ်ဖွဲ့ TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့၏ လက်ရှိ သျှမ်းပြည်မြောက်ပိုင်း တိုက်ပွဲများသည် တရုတ်နိုင်ငံ၏ စစ်ကောင်စီကို အစားထိုးချင်သည့် အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် မြင်ကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်လို့ စစ်ဆင်ရေး ၁၀၂၇ က မြေပြန့်အထိ ဆန့်နိုင်ရင် တရုတ်က တိုင်းရင်းသား EAO နဲ့ NUG တွေနဲ့ပါ ဆက်ဆံရမယ် အပေးအယူလုပ်ရမယ်။ သေချာတာတခုကတော့ တရုတ်က သူ့ရဲ့စီးပွားရေး လိုအပ်ချက်ရယ်၊ သူ့ရဲ့ အမျိုးသား အကျိုးစီးပွားရယ်က ဗမာတပြည်လုံးနဲ့ ဆိုင်နေတာမို့လို့ သျှမ်းပြည်ကွက်ကွက်ကိုပဲ မှန်းဆပြီး စိုးမိုးဖို့ လုပ်တာ မဟုတ်တာတော့ သေချာပါတယ်” ဟု တရုတ်နိုင်ငံ၏ ကြားဝင်လာနိုင်မှုနှင့် ပတ်သက်ပြီး စိုင်းဝမ်းစိုင်းက ပြောဆိုသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။