ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့အကြား ယခု မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း (၄၂၂) ဦးသေဆုံးခဲ့ကြောင်း KNLA ဗဟိုစစ်ဌာနချုပ်မှ ယမန်နေ့ ဧပြီလ (၁၄) ရက်နေ့က ထုတ်ပြန်ကြေညာသည်။
၂၀၂၃ခုနှစ် မတ်လတစ်လအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲပေါင်း သုံးရာကျော်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှသေဆုံးမှုအပြင် ထိခိုက်ဒဏ်ရာရရှိသူစုစုပေါင်း နှစ်ရာကျော်ရှိခဲ့ကြောင်း KNLA ၏ အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်သော တောင်ငူခရိုင်အတွင်း KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းများအား မြေပြင်မှသွားရောက်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များဘက်မှ အကျဆုံးနှင့် ထိခိုက်ကျဆုံးမှုများရှိခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။
တပ်မဟာ (၃) ထိန်းချူပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်အတွင်းတွင်လည်း KNU ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့အကြား ပြီးခဲ့သည့်မတ်လ (၁) ရက်နေ့မှ (၁၉) ရက်နေ့အတွင်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်၍ ဒေသခံများ၏အသက်အိုးအိမ်ကို နှောင့်ယှက်ဖျက်ဆီးမှုများကြောင့် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း KNU က ထုတ်ပြန်ကြေညာသည်။
အလားတူ တပ်မဟာနယ်မြေ ဖာပွန်ခရိုင်အတွင်း မတ်လတစ်လတာအတွင်း တိုက်ပွဲပေါင်း (၁၉၀) ကျော်ဖြစ်ပွားခဲ့သည့်အနက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၉၂) ဦးသေဆုံး၍ (၄၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို မတ်လ (၂၈) ရက်နေ့က မယ်ခါးထာစစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်စဥ်တွင်လည်း စစ်ကောင်စီဘက်မှ (၁၆)ဦးသေဆုံးခဲ့ကြောင်း KNU တပ်မဟာ(၅)ဘက်မှ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ မတ်လအတွင်း KNLA နှင့်စစ်ကောင်စီတို့ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့ဝင် (၇) ဦသေဆုံးကာ (၃၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNLA ဗဟို စစ်ဌာနချုပ်က ၎င်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နန့်ဆန်းထီ(KIC) – ပေးပို့သည်။

