စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင်နေကြသည့်ကာလအတွင်း ပဋိပက္ခဖြစ်ပွားရာဒေသရှိ အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်၏ မတရားသတ်ဖြတ်မှု လူ့အခွင့်အရေးချိုးဖောက်မှုသာမက တော်လှန်ရေးတပ်ဖွဲ့တို့၏ မတရားသတ်ဖြတ်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကျူးလွန်မှုများကိုလည်းခံနေကြရသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောဆိုသည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ နိုင်အဲမွန်က “ပဋိပက္ခဖြစ်ပွားနေမှုနဲ့ စစ်ရေးအခြေအနေအရ ချိုးဖောက် ခံရတာများတယ်။ ထားဝယ်ဘက်မှာ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က မောင်မကန်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်ပြီး နေအိမ်မီးရှို့ခဲ့တာရှိတယ်။ ကျတော်တို့ဘက်လည်း စုံစမ်းနေတုန်း သူတို့မီးရှို့လိုက်တဲ့အိမ်က စကစ သတင်းပေးသူလား မဟုတ်ရင် သာမန်ဒေသခံအိမ်လား၊ သူတို့ရန်သူလားဆိုတာကို သတိထားရမှာတွေ လက်နက်ကိုင်ထားတော့ information မှားလို့ ကျူးလွန်မိတာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ကျူးလွန်မိကြတာ၊ နောက်တခု က ကိုယ့်ကိုကိုယ်အာဏာရှိတယ်လို့ မြင်သွားကြတော့ ပြည်သူတွေအပေါ် ကျူးလွန်လာတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ထားဝယ်ဒေသရှိ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့က မောင်းမကန်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပြင် ဒေသခံတို့၏ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသည်ကို သိရှိရသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းသည် မွန်၊ ကရင်၊ တနင်္သာရီတို့တွင် လူ့အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် စစ်ရေးအခြေအနေအရ ပြည်သူတို့၏ အခွင့်အရေးချိုးဖောက်ခံရမှု၊ သတင်းအချက်အလက် မှားယွင်းမှုကြောင့် ဒလန်အဖြစ်စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ ခရီးသွားလာသူတို့ကို ငွေကြေးအဆမတန်တောင်းခံမှု၊ ရန်ငြိုးကြောင့် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု၊ ပြည်သူတို့၏ သွားလာခွင့်ကို ကန့်သတ်ပိတ်ပင်မှုနှင့် မြေမြှုပ်မိုင်း ထောင်ခြင်းတို့ကို အချက်အလက် စုဆောင်းရယူလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။
အထူးသဖြင့် လူ့အခွင့်အရေးအဖွဲ့များနှင့် သတင်းမီဒီယာတို့ သတင်းအချက်အလက်ရရှိရန် ခက်ခဲသည့် ထားဝယ် တောင်ဘက်ပိုင်းဒေသတွင် စစ်ကောင်စီအဖွဲ့က စစ်ကြောင်းထိုးစဉ် ဒေသခံများကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး သတင်းအစအန ပျောက်ဆုံးကာ အသက်သေဆုံးမှုများ ရှိနေခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုအများဆုံး ဖြစ်ပွားနေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ဆိုသည်။
ပြီးခဲ့သည့် မတ်လအတွင်း သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို စစ်ကောင်စီနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲပြီး တောင်ညိုစစ်ကြောင်းတော်လှန်အဖွဲ့တို့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့်အပေါ် နစ်နာသူမိသားစုအနေဖြင့် လက်ရှိအချိန်ထိ မျှတသည့်အမှန်တရားမရသေးကြောင်း နိုင်အဲမွန်က ပြောဆိုသည်။
“နစ်နာသူမိသားစုကက တိုင်ကြားတာတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကနေ့အချိန်ထိ တရားမျှတမှုမရခဲ့ကြဘူး၊ ဒီကိစ္စက နစ်နာသူမိသားစုတွေကိုလည်း လုံခြုံရေးအရ လွတ်လွတ်လပ်လပ် မပြောဆိုနိုင်တော့ သူတို့ဘက် ကတော့ သူတို့လူကိုတော့အရေးယူ လုပ်ဆောင်ခဲ့တာရှိပေမဲ့ ဒီကိစ္စက ပေါ်ပေါ်ထင်ထင်နဲ့ သူတို့အဖွဲ့ကသူကို အရေးယူပေးနေတာတော့ မတွေ့ရပါဘူး” ဟု ၎င်းက ပြောသည်။
သို့သော်လည်း မွန်၊ ကရင်နှင့် တနင်္သာရီ ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကျူးလွန်နေမှု၏ ၉၇ ရာခိုင်နှုန်းခန့်သည် စစ်ကောင်စီတပ်ဖွဲ့က လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်တွင် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအထိ ခြောက်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုတို့ကြောင့် အရပ်သား ၉၃ ယောက် သတ်ဖြတ်ခံရသည့်အပြင် ၁၇၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်ပါဝင်မှု ၁၅ ရာခိုင်နှုန်းရှိသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းက ပြောဆိုသည်။
IMNA ပေးပို့သည်။