တနင်္သာရီတိုင်း ဘုတ်ပြင်းအခြေစိုက် စစ်ကောင်စီတပ်ရင်းတို့မှ တပ်သား ၃ ဦး အလင်းဝင်ရောက်လာသည်ဟု ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမှတ် ၁ တပ်ရင်းက ဧပြီ ၂၅ ရက်နေ့၌ သတင်းထုတ်ပြန်သည်။
စစ်မှုထမ်းသင်တန်းအပတ်စဉ် ၉ ဆင်း စစ်ကောင်စီတပ်သားများဖြစ်သည့် စကခ ၁၃ မှ တပ်သား ရဲဝင်းအောင်၊ သူရစိုးနှင့် ခလရ ၄၃၂ တပ်က တပ်သားစည်သူကျော်တို့ ၃ ဦးသည် ဧပြီ ၂၀ ရက်နေ့တွင် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။
“သူတို့ဟာ သူတို့ထွက်ပြေးလာပြီးမှ ကျွန်တော်တို့ဆီဆက်သွယ်ပြီး အလင်းဝင်လာကြတာပါ။ သုံးယောက်စလုံးက သူတို့နေထိုင်တဲ့ဒေသတွေမှာ ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲရောက်လာသူတွေဖြစ်တယ်” ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၃ ဦးကို လုံခြုံသည့်နေရာတွင် စောင့်ရှောက်ပေးထားပြီး နေထိုင် စားသောက်ရေးကအစ စီစဉ်ပေးထားကြောင်း ၎င်းက ဆိုသည်။ အလင်းဝင်လာသည့် တပ်သား ၃ ဦးမှာ ပဲခူးတိုင်းက ၂ ဦးနှင့် မန္တလေးတိုင်းက ၁ ဦး တို့ဖြစ်ကြသည်။
အာဏာသိမ်းကာလအတွင်း ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၆ ဦးရှိသည်ဟု ကော့သောင်းခရိုင် အမှတ် ၁ တပ်ရင်း အချက်အလက်များအရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။