စစ်ကောင်စီတပ်နှင့် ရဝမ်ပြည်သူစစ်အဖွဲ့၏ ဖမ်းဆီးခံရမည်ကို ပူတာအိုဒေသခံများ စိုးရိမ်နေ

By MPM 23 မေ, 2023 👁

စစ်ကောင်စီတပ်နှင့် ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကြောင်းထိုးလာခြင်းကြောင့် ပူတာအိုမြို့နယ်၊ တန်ဂျာကျေးရွာက ဒေသခံများမှာ ၎င်းတို့အား လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြသည်။

ပူတာအိုမြို့နယ်အတွင်းရှိ လုံရှာယန်အုပ်စု၊ တန်ဂျာကျေးရွာဘက်ကို စစ်တပ်နှင့် ရဝမ်ပြည်သူ့စစ်အဖွဲ့များက စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ရွာသားများကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

တန်ဂျာကျေးရွာက ဒေသခံများသည် မေလ စတုတ္ထပတ်ကစတင်ပြီး လယ်ယာထွန်ယက်ကြဖို့ ရည်ရွယ်ထားကြ သော်လည်း စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က စစ်ကြောင်းထိုးဝင်လာသည့်အတွက် အိမ်အပြင်ပင် မထွက်ရဲကြတော့ဘူးဟု ရွာသားတစ်ဦးက ပြောသည်။

“ကြောက်နေကြရတာပေါ့။ ခုရွာသားတွေက မနေ့ကတည်းကနေ လယ်ယာလယ်ထွန်တဲ့ လုပ်ငန်းကို လုပ်ကိုင်ကြဖို့ အများစုက ပြင်ဆင်နေကြတာ။ ဒါပေမယ့် ဒီစစ်ကြောင်းက ရွာထဲမှာ နေနေကြတယ်ဆိုတော့ စိုးရိမ်ပြီး နေ ကြရတာပေါ့။ အဲ့ကြောင့် ရွာသားတွေက အိမ်ပြင်ထွက်ရမှာလည်း ကြောက်၊ လမ်းသွားလမ်းလာလည်း ကြောက်နေရတယ်။”

လက်ရှိ တန်ဂျာရွာထဲ ဝင်လာသည့် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က ပူတာအိုဘက်မှ ဆင်းလာသည့် စစ်ကြောင်းဖြစ်ပြီး တောထဲနေတွင် နေနေကြသည်မှာ တစ်ပတ်ခန့် ရှိပြီဟုဆိုကြသည်။

မေလ ၂၂ ရက်နေ့ နေ့လည်ကလည်း လုံရှာယန်ကျေးရွာထဲရှိ မနောကွင်းနေရာသို့ စစ်ကောင်စီပူးပေါင်းအဖွဲ့တို့ ရောက်လာပြီး ယနေ့ (မေလ ၂၃ ရက်နေ့)၊ နံနက် ၁၀ နာရီ ဝန်းကျင်အချိန်တွင် တန်ဂျာကျေးရွာထဲ စခန်းချနေထိုင်နေကြသည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ဝတ်စုံအပြည့်နှင့် ကျေးရွာ ဘေးပတ်ပတ်လည်တွင် ကင်းလှည့်နေကြသည်ဟု ဆိုသည်။

ဒေသခံများက ၎င်းတို့၏ ကျေးရွာအနီးဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့များ ရှိနေခြင်းကြောင့် နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်လာမှာ၊ တိုက်ပွဲများထဲ ရွာသားများကို ဓါးစားခံ၊ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်းမျိုးတွေ လုပ်လာမှာကို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အဲဒီလူသားဒိုင်း အဖြစ် ဖမ်းဆီးခံမှာကိုတော့ အဓိက ကြောက်နေရတာပေါ့။ အရှေ့ဘက်မှာ KIA တွေ PDF တွေ ရှိနေပြီဖြစ်တဲ့အတွက် သူတို့ရဲ့တပ်ကို ပြခိုင်းတာမျိုးတွေ၊ သူတို့ရဲ့ လှုပ်ရှားမှုတွေ မေးမြန်းပြီး ခေါ်ဆောင်ခိုင်းတာမျိုးတွေကို အားလုံးက ကြောက်နေကြတယ်ပေါ့။ အခုချိန်က အားလုံးလည်း ဒီတိုင်းပဲ နေနေကြတယ်” ဟု ပြောသည်။

လူအင်အား ၆၀ ကျော်ခန့်ရှိသည့် စစ်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့က တန်ဂျာကျေးရွာအတွင်းရှိ ဒေသခံများ၏ အိမ်များထဲအထိ ဝင်နေကြသည်ဟု ဆိုသည်။

ရွာထဲ စစ်သားများရှိနေသည့်အတွက် မည်သူမှ အိမ်အပြင်ကိုပင် မထွက်ရဲကြဘူးဟု ဆိုကြသည်။

လက်ရှိ တန်ဂျာကျေးရွာထဲ ရောက်ရှိနေသည့် စစ်ကြောင်းက စစ်ကောင်စီလက်အောက်ခံ တပ်မ (၁၃၈) နှင့် ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့များသည် မေလ တတိယပတ်တုန်းက ဖတ်မာကျေးရွာမှ တန်ဂျာကျေးရွာဘက်သို့ ဗုံးပစ်ထည့်ခဲ့သည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ပူတာအိုမြို့နယ်အတွင်း မေလ ၁၈ ရက်နေ့ကလည်း ဆွမ်ပီယန်ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့မှာ ၀ဒတ်ကျေးရွာအနီးတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ဆွမ်ပီယန်၊ တန်ဂျာ၊ လုံရှာယန် စသည့် ကျေးရွာများမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တပ်ဖွဲ့တွေ သွားလာတတ်သည့် ကျေးရွာများဖြစ်ပြီး အနီးဝန်းကျင်တွင် စစ်တပ်နှင့်လည်း မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည့် နေရာများဖြစ်သည်။

NMG – ပေးပို့သည်။