စစ်ကောင်စီတပ်က စေတုတ္တရာရှိ အရပ်သားနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့

By MPM 27 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က လုံးကြီးကျေးရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ရာမှာ ရွာရှိအိမ်ခြေ ၁၀၃ လုံး မီးလောင်ခဲ့ပျက်စီးခဲ့တာကြောင့် ရွာခံပြည်သူများက ရွာမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သိရသည်။

ရွာခံပြည်သူများ၏နေအိမ်များကို စေတုတ္တရာမြို့မရဲစခန်း၊ စေတုတ္တရာ ကပစ ၂၀၊ စေတုတ္တရာ ကင်းပွန်းခြုံဂိတ် က စစ်ကောင်စီတပ်သားများနှင့် စေတုတ္တရာမြို့နယ်အတွင်းရှိ ပျူစောထီးများက ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ရွာခံများက ပြောဆိုသည်။

အဆိုပါစစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးတွေနှင့် ပစ်ခတ်ဝင်ရောက်ကာ ရွာခံပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါသည်။

“စေတုတ္တရာတပ်ရော ရဲရော ပျူရောပေါင်းပြီး လက်နက်ကြီးတွေပစ်ပြီး စစ်ကြောင်းဝင်လာတာ။ တစ်ရွာလုံးကို မီးရှို့သွားပြီး ခုတော့ လက်ပံကျင်းမှာ အောင်ပွဲခံနေတယ်” လို့ ယင်းဒေသခံက ပြောပြသည်။

ယခုမီးရှို့ဖျက်ဆီးခံခဲ့ရသည့် လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်သားများက ပြီးခဲ့သည့် ဇန်နဝါရီလကလည်း ပထမအကြိမ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကြောင်းနှင့် လက်ရှိချိန်တွင် အဆိုပါစစ်ကြောင်းသည် တခြားရွာများကို စစ်ကြောင်းထိုးနေသေးတာကြောင့် ရွာခံအရပ်သားများမှာ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်သားများသည် မင်းဘူးခရိုင်အတွင်း စလင်းနဲ့ စေတုတ္တရာမြို့နယ်တို့ရှိ ကင်းပွန်းခြုံ၊ ကျွဲဦး အပါအဝင် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံအရပ်သား ၁၅၀၀ ကျော်သည် စစ်ဘေးရှောင် နေကြရကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။