ရခိုင်က စစ်ကောင်စီ ထိန်းချုပ်ဆဲမြို့တစ်ခုဖြစ်သော မာန်အောင်မြို့နယ်က ဒေသခံများမှာ စစ်ကောင်စီရေတပ်မှ ပိတ်ဆို့ကန့်သတ်ထားခြင်းကြောင့် နေ့စဉ်လူမှုဘဝတွင် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
စစ်ကောင်စီသည် ဒေသခံများကို လွတ်လပ်စွာ သွားလာခွင့်ပိတ်ပင်ထားသည့်အပြင် အခြေခံကုန်ပစ္စည်းများကိုလည်း အကန့်အသတ်ဖြင့်သာ တင်သွင်းခွင့်ပြုထားကြောင်း မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ ဒေသခံတွေက ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ကျွန်းကနေ တခြားနေရာကို သွားလို့မရဘူး။ ကုန်ပစ္စည်းတွေ မှာချင်ရင်လည်း သူတို့ကို ခွင့်ပြုချက်တင်ရတယ်။ ဒါက နှစ်လ သုံးလလောက်ကြာတယ်။ ဒီကြားထဲ သင်္ဘောက ၁ လတစ်ခါ ရောက်ချင်မှရောက်တယ်၊ သုံးလေးလလောက် မရောက်ဖြစ်တာလဲရှိတယ်။ ဒီတော့ ဘယ်လိုမှ အဆင်မပြေဘူး” ဟု မာန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ မာန်အောင်ကျွန်းတွင် အခြေခံဆေးဝါးများမှာ ဈေးအဆမတန်မြင့်တက်နေပြီး ပါရာတစ်ကဒ်လျှင် ငွေကျပ် ၄,၀၀၀၊ အန်နာဗွန်စီ တစ်လုံးလျှင် ငွေကျပ် ၃,၀၀၀ အထိ ဈေးမြင့်တက်နေသည်။
အခြား အခြေခံ ဆေးဝါးများမှာလည်း အဆမတန်မြင့်တက်နေသည့်အပြင် ဆရာဝန်တစ်ဦးသာရှိခြင်းကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်းလည်း ဒေသခံများက ဆိုသည်။
မာန်အောင်ကျွန်းသို့ ရန်ကုန်မှတစ်ဆင့် ကုန်ပစ္စည်း တင်သွင်းနေခြင်းဖြစ်ပြီး ထိုသို့ ကုန်ပစ္စည်းသယ်ယူရာ၌လည်း အလေးချိန်အပေါ်မူတည်ကာ သယ်ယူခစရိတ်ပေးနေသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေကြောင်း မာန်အောင်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။
“ ရန်ကုန်ကနေ မာန်အောင်ကို ပစ္စည်းတစ်ခုပို့ဖို့ သင်္ဘောပေါ်ကိုတင်ချင်ရင် ပထမဆုံး အစိုးရဆီက ခွင့်ပြုချက် တောင်းရတယ်။ အစိုးရခွင့်ပြုတဲ့ ပစ္စည်းတွေကို တစ်ခါ ပိဿာနဲ့ချိန်ပြီး ပိုက်ဆံပေးရတယ်။ ပြောရမယ်ဆိုရင် ပစ္စည်းချစရိတ်က ငွေကျပ်သိန်းနှစ်ဆယ်ဆိုရင် ပစ္စည်းတင်ခလည်း သိန်းနှစ်ဆယ်လောက်ရှိတယ်။ ဒါကြောင့်လည်း ကုန်ဈေးနှုန်းတက်တယ်လို့ ပြောရမယ်” ၎င်းကပြောသည်။
မာန်အောင်ကျွန်းက ဒေသခံများမှာ စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့ထားမှုကြောင့် သွားလာရေးကိစ္စရပ်များတွင်လည်း စိန်ခေါ်မှုများ ရင်ဆိုင်နေရပြီး ကျန်းမာရေး ကိစ္စကြုံလျှင်လည်း ပြည်မဘက်သို့ သွားရန်အတွက် ဆရာဝန် ထောက်ခံစာ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ သန်းခေါင်စာရင်းမိတ္တူနှင့် ထွေ/အုပ်ရုံးတွင် ခွင့်ပြုချက်ယူရကြောင်း သိရသည်။
ထိုသို့ ထွေ/အုပ်ရုံးမှ ခွင့်ပြုစာရရှိရန်အတွက် လနှင့်ချီ စောင့်ဆိုင်းကြရသဖြင့် အရေးပေါ်ကျန်းမားရေးကိစ္စရပ်များအတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်။
ယင်းအပြင် မာန်အောင်ကျွန်းက ထွက်ရှိသော ဆန်စပါး၊ ရေထွက်ကုန်ပစ္စည်းများကို အခြားဒေသများသို့ မတင်ပို့နိုင်သဖြင့် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများမှာ အခက်အခဲများရှိနေသည်။
ထိုသို့ ဒေသအတွင်း ကူးလူးဆက်သွယ်ရေးလုပ်ငန်းများ မလုပ်ကိုင်နိုင်သဖြင့် ဒေသခံများမှာ လူမှုစီးပွားဘဝ တစ်နေ့ထက်တစ်နေ့ ကျပ်တည်းမှုဒဏ်ခံစားလာရကြောင်း ဒေသခံများက ပြောသည်။
“ ဘာလုပ်လုပ် အဆင်မပြေ၊ ကုန်ဈေးနှုန်းတက်၊ အလုပ်အကိုင်မရှိတော့၊ ရန်ကုန်ဖြစ်ဖြစ် နိုင်ငံခြားဖြစ်ဖြစ် အလုပ်ထွက်လုပ်ဖို့ ကြိုးစားနေကြတာတွေ များနေတယ်။ စစ်တပ်နဲ့ ရင်းနှီးတဲ့သူတွေဆို စစ်သင်္ဘောတွေနဲ့ လိုက်သွားတာတွေရှိတယ်” ဟု မာန်အောင်ဒေသခံ လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မာန်အောင်ကျွန်းကို ဆက်သွယ်ရေး၊ ခရီးသွားလာရေး၊ ကုန်စည်စီးဆင်းခွင့်တို့ကို တင်းကျပ်ထားသည်မှာ နှစ်နှစ်နီးပါးရှိလာနေပြီး ဒေသခံများ၏ လူမှုစီးပွားဘဝ ဆုတ်ယုတ်နေသည်။
လက်ရှိ မာန်အောင်ကျွန်းတွင် စစ်ကောင်စီ စစ်အင်အားအလုံးအရင်းဖြည့်တင်းထားကာ ရေပြင်၌လည်း စစ်သင်္ဘောများစွာ ချထားသဖြင့် ဒေသခံများမှာ စစ်ကောင်စီ၏ ဝန်းရံပိတ်ဆို့မှုဒဏ်ကြားမှာ အခက်အခဲမျိုးစုံကို ခံစားနေကြရသည်။
DMG