စစ်ကောင်စီကြောင့် မွန်ပြည်နယ်တွင် တစ်လအတွင်း အမျိုးသမီး ၂ ဦးသေဆုံးမှုအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ကျော်ရှိ

By MPM 7 မတ်, 2024 👁

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက ကျုးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်နစ်နာသူ ၃၃ ဦးရှိပြီး ၎င်းတို့အနက် အမျိုးသမီး ၂ ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC က မတ်လ ၆ ရက်နေ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ရေးမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် မွန်ပြည်နယ်အတွင်းရှိ အခြားသော ကျေးရွာများသို့ လက်နက်ကြီးနှင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူအရေအတွက်က ပိုများပြီး လက်နက်ကြီး အပါအဝင် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် သံဖြူဇရပ်နှင့် ကျိူက်မရောမြို့နယ်တို့မှ အမျိုးသမီး ၂ ဦး အသက် သေဆုံးသည်အထိ ဖြစ်ပွားခဲ့သည်ဟု MSFC က ထုတ်ပြန်ပြောဆိုသည်။

ထို့အတူ ပဋိပက္ခကြောင့် မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃,၀၀၀ ခန့် ရှိနေပြီး ၎င်းတို့အနက် ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ နှစ်ဖက်တိုက်ပွဲအကြား စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးသုံး ပစ်ခတ်သဖြင့် ထွက်ပြေးတိမ်းရှောင်ရသူ ၂,၀၀၀ ကျော် ရှိနေသည်ဟု MSFC က ဆိုသည်။

MSFC အုပ်ချုပ်ရေးကော်မတီဥက္ကဌ နိုင်မွန်စိုင်းက “အဓိက တိမ်းရှောင်ရတာက ဝင်းတာပန်အုပ်စုပါ။ တိုက်ပွဲတွေလည်း အခုထိ ဆက်ဖြစ်နေတယ်။ စစ်ကြောင်းလည်း ထိုးနေတယ်။ ရေးမြို့နယ် ကျုံလောင်းရွာဘက်မှာလည်း ပစ်ခတ်မှုကြောင့် တချို့တွေ ထွက်ပြေးရတယ်။ အိမ်ပြန်လို့ မရသေးဘူး။ နောက်ဆုံး ကြားရတာဆိုရင် ရွာသားတွေ တိမ်းရှောင်တဲ့နေရာကိုတောင် စစ်ကြောင်းတွေထိုးတယ်၊ လက်နက်ကြီးတွေပစ်လို့ တနေရာကနေ နောက်တနေရာကို ရွှေ့နေရတဲ့သဘောမျိုးရှိတယ်” ဟု ပြောသည်။

ထို့အတူ မွန်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင်လည်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထွက်ပေါ် လာပြီးနောက်ပိုင်း လမ်းသွားလူငယ်များအား ဖမ်းဆီးငွေညှစ် ခြိမ်းခြောက်ခြင်းတို့ လုပ်ဆောင်နေသဖြင့် မြို့ပြ လူနေမှုဘဝလည်း လုံခြုံမှုမရှိကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။

လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများနှင့် ပတ်သက်၍ နိုင်မွန်စိုင်းက “စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒေသတော်တော်များများမှာ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြန်လည်တိုက်ခိုက်တာတွေ စစ်အာဏာရှင် တိုက်ဖျက်ရေးမှာ ပါဝင်လာတာတွေ့တော့ ဒေသခံပြည်သူတွေက တော်လှန်ရေးအဖွဲ့တွေကို မထောက်ခံရဲ ရအောင် ဖြတ်လေးဖြတ်ပုံစံမျိုးနဲ့ ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုကို ခြိမ်းခြောက်သတ်ဖြတ်တာ ဖြစ်တယ်လို့ ကျနော်မြင်တယ်” ဟု သုံးသပ်ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC သို့ လွှဲပြောင်းရန် အချက်ပါဝင်သည့် အချက် ၅ ချက်ပါ အစီရင်ခံစာအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ လပိုင်းက ပြုလုပ်ခဲ့သည့် UN လူ့အခွင့်အရေးညီလာခံသို့ တင်သွင်းအကြံပြုခဲ့သည်။

KIC ပေးပို့သည်။