စစ်ကိုင်းနှင့်ကချင်ရှိ ရှမ်းနီဒေသများတွင် ရှမ်းနှစ်သစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော် မကျင်းပနိုင်

By MPM 28 နိုဝင်ဘာ, 2024 👁

ရှမ်းနီတိုင်းရင်းသားများနေထိုင်ရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတို့တွင် နှစ်သစ်ကူးပွဲတော်ကို ယခုနှစ်တွင်လည်း နိုင်ငံရေးအခြေအနေကြောင့် ကျင်းပနိုင်မည့်အနေအထားမရှိကြောင်း ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များထံက သိရသည်။

နှစ်သစ်ကူးပွဲတော်ကို ၂၀၂၀ ခုနှစ်ကတည်းကစ၍ မကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး၊ အလားတူ ရှမ်းနှစ်သစ် ၂၁၁၉ ခု နှစ်သစ်ကူးပွဲတော် မကျင်းပနိုင်ခြင်းသည်လည်း လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေများကြောင့်ဟု မိုးညှင်းခရိုင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ပြောရရင်တော့ နိုင်ငံရေးပါ့လေ။ နိုင်ငံရေး မတည်ငြိမ်တဲ့အခါကြတော့ ဘာလုပ်လို့ရမလဲ၊ မိုးညှင်းကတော့ ပုံမှန်ပေါ့။ ဘုန်းကြီးကျောင်းငါးကျောင်းကို ဆွမ်းပို့တာပေါ့။ ပျော်ပွဲတွေတော့ မလုပ်ဘူး။ အထိမ်းအမှတ်အနေနဲ့ပဲ လိုက်ပို့ (လိုက်ကန်တော့) တာ။ နိုင်ငံရေးအခြေအနေကြောင့်လို့ပဲ သုံးသပ်ချက်ပေးရမှာပေါ့။ သွားရေးလာရေး စီးပွားရေးက အစပေါ့၊ ဟိုဘက်ပိတ် ဒီဘက်ပိတ်နဲ့လေ” ဟု အဆိုပါကော်မတီဝင်က ပြောသည်။

ကချင်ပြည်နယ်အတွင်းက မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် အင်းတော်ကြီးဒေသတို့က တချို့ကျေးရွာများတွင် အကျဉ်းချုံးပြုလုပ်ရန် စီစဉ်ထားကြသည်ဟုလည်း စုံစမ်းသိရှိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ဟုမ္မလင်းမြို့နယ်နှင့် ဗန်းမောက်မြို့နယ်ထဲက ကျေးရွာတချို့၌လည်း နှစ်သစ်ကူးပွဲတော်ကို အထိမ်းအမှတ်အဖြစ်သာ ရိုးရာမပျက် အကျဉ်းချုံးပြုလုပ်သွားရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

“ပွဲကတော့ မလုပ်ဖြစ်တော့ဘူးထင်တယ်။ တိုက်ပွဲက ဒုံးဒုံးဒိုင်းဒိုင်းနဲ့ဆိုတော့၊ အစကတော့ ကျင်းပဖို့ အစီအစဉ်တွေရှိတယ်” ဟု ဟုမ္မလင်းမြို့နယ်က ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်းတွင် ၂၀၂၂ ခုနှစ် နှစ်လယ်မှစပြီး လက်ရှိအချိန်ထိ တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ ထောင်နှင့်ချီ ရှိနေဆဲလည်းဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်လှူပွဲသည် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ရခြင်းဖြစ်သည်။

ရှမ်းနှစ်သစ် ၂၁၁၉ ခု နှစ်ကူးပွဲတွေကို ရှမ်းနီဒေသအပါအဝင် ရှမ်းပြည်နယ်တွင်လည်း ကျင်းပနိုင်ခြင်း မရှိတော့ပေမယ့် ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံအတွင်းရှိ ရှမ်းတိုင်းရင်းသားများကတော့ ပွဲတော်ကို စတင်ကျင်းပနေကြပြီဟုလည်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။