စစ်ကိုင်းတိုင်းအထက်ပိုင်း ပင်လည်ဘူးမြို့အပါအဝင် မြို့သုံးမြို့တွင် မြို့သိမ်းတိုက်ပွဲပြင်းထန်နေ

By MPM 27 ဩဂုတ်, 2024 👁

စစ်ကိုင်းတိုင်းအထက်ပိုင်းက ပင်လည်ဘူးမြို့နယ်၊ အင်းတော်မြို့နယ်နှင့် ထီးချိုင့်မြို့နယ် သုံးခုတွင် ဩဂုတ်လ ၁၆ ရက်နေ့ကစ၍ မြို့သိမ်းတိုက်ပွဲများ ပြန်လည်စတင်ခဲ့ကာ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့ကို ဩဂုတ်လ ၁၆ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၆ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

အင်းတော်မြို့နှင့် ၄ မိုင်အကွာတွင်ရှိသည့် အင်းတော် – မြစ်ကြီးနား – ကသာလမ်းပိုင်းက နဘားလမ်းဆုံကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိထားသော်လည်း အင်းတော်မြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများဆီက စုံစမ်းသိရှိရသည်။

အင်းတော်မြို့အခြေအနေနှင့် ပတ်သက်ပြီး မန္တလေးမြို့ကို စစ်ဘေးရှောင်လာသူ အင်းတော်မြို့ခံတစ်ဦးက “အင်းတော်မှာ တိုက်ပွဲဖြစ်နေတယ်။ မော်လူးမှာက တံတားကျိုးနေတယ်” ဟု ပြောသည်။

ကသာခရိုင်ထဲက အင်းတော်မြို့နယ်နှင့် နယ်နိမိတ်ချင်းဆက်နေသည့် ထီးချိုင့်မြို့တွင်လည်း ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး ယနေ့အချိန်ထိ တိုက်ပွဲများ ပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

ထီးချိုင့်မြို့ တဖက်ကမ်းတွင်ရှိသည့် မြတောင်စခန်းကုန်းကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ်လ ၂၁ ရက်နေ့က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း ကြေညာထားသလို မြို့ကို ဆက်လက်တိုက်ခိုက်နေသည်ဟု ထီးချိုင့်မြို့ရှိ စစ်ရှောင်များက ပြောဆိုသည်။

ကောလင်းခရိုင်ထဲက ပင်လည်ဘူးမြို့တွင်လည်း ဩဂုတ်လ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ရှိရာ စခန်းကုန်းများကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး မြို့သိမ်းပိုက်နိုင်ရန် ထပ်မံကြိုးစားနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံက သိရသည်။

ပင်လည်ဘူးမြို့ပေါ်က ဒေသခံများအားလုံး စစ်ဘေးတိမ်းရှောင်ကြပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များသာ မြို့ပေါ်တွင် နေထိုင်နေကြကာ တော်လှန်ရေးအင်အားစုများက မြို့သိမ်းတိုက်ပွဲ အကြိမ်ကြိမ်ပြုလုပ်ထားပေမယ့် သိမ်းပိုက်နိုင်ခြင်းမရှိသေးတဲ့ မြို့လည်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့ကို ယခုဩဂုတ်လတည်းမှာပင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲများက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် ၆ နာရီကြာသာ မြို့ကိုသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံကို ပြန်လည်လက်လွှတ်ခဲ့ရသည်။

ရှမ်းနီအသံ ပေးပို့သည်။