စစ်ကိုင်းတိုင်းအတွင်း မြို့နယ် ၂၀ ကို စက်သုံးဆီတင်သွင်းခွင့် စစ်ကောင်စီပိတ်ပင်

By MPM 25 နိုဝင်ဘာ, 2024 👁

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ၂၀ ကို စက်သုံးဆီခွဲတမ်း ( Purchase Order – PO) တင်သွင်းခွင့်ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာတတိယအပတ်ထဲတွင် စစ်ကောင်စီ၏ စမ်းအင်ဝန်ကြီးဌာနက ကြေညာခဲ့သည်။

ထိုသို့ စစ်ကောင်စီက တားဆီးပိတ်ပင်ထားသည့် မြို့နယ်များသည် စစ်ကောင်စီက တစိတ်တပိုင်းသာ ထိန်းချုပ်နိုင်သည့် အခြေအနေနှင့် တော်လှန်ရေးအင်အားစုများက ၅၀ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားသည့် အခြေအနေတို့ကြောင့်ဖြစ်ကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

စက်သုံးဆီ PO တင်သွင်းခွင့် ပိတ်ပင်လိုက်ရခြင်း အကြောင်းအရင်းသည် တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများဆီကို လောင်စာဆီရောက်ရှိပြီး အသုံးပြုနိုင်မှု ရပ်တန့်နိုင်စေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောဆိုထားသည်။

စစ်ကောင်စီက ပိတ်ပင်သည့်မြို့နယ်များမှာ ဗန်းမောက်၊ ကသာ၊ ထီးချိုင့်၊ ကလေး၊ မော်လိုက်၊ ကျွန်းလှ၊ ရေဦး၊ ခင်ဦး၊ ဖောင်းပြင်၊ မြင်းမူ၊ ပုလဲ၊ ဝက်လက်၊ ဆားလင်းကြီး၊ ဘုတလင်၊ အင်းတော်၊ ယင်းမာပင်၊ ကန့်ဘလူ၊ တမူး၊ မြောင်၊ ဒီပဲယင်းနှင့် ကောလင်းမြို့တို့ ဖြစ်သည်။

ဗန်းမောက်မြို့နယ်အတွင်း စက်သုံးဆီကုန်သည်တစ်ဦးက “အခုက စက်သုံးဆီတွေမဝင်တော့ဘူး ပိတ်နေတယ်။ လမ်းကြောင်းပိတ်တယ်လို့ ကြားတယ်” ဟု ပြောသည်။

ယခုလို စက်သုံးဆီများ သယ်ယူခွင့်ပိတ်ပင်ကြောင်း မကြေညာစဉ်ကတည်းက စက်သုံးဆီသယ်ယူမှုတို့ကို တင်းကြပ်ထားခဲ့ပြီး စက်သုံးဆီသယ်ယူရာတွင်လည်း မကြာခဏ ဖမ်းဆီးခံခဲ့သည့်ဖြစ်စဉ်များ ရှိခဲ့သည်ဟု အဆိုပါကုန်သည်က ဆက်ပြောသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် အာဏာသိမ်းမှုနောက်ပိုင်း ရွှေတူးဖော်ခြင်း၊ ရေနံတူးဖော်ခြင်းလုပ်ငန်းများကို ယခင်ထက် ပိုမိုတိုးချဲ့လုပ်ကိုင်လာပြီး နေ့စဉ် စက်သုံးဆီဂါလံ သိန်းနှင့်ချီ အသုံးပြုနေကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စက်သုံးဆီများ ပိတ်ပင်ထားသော်လည်း လုပ်ငန်းသုံးစက်သုံးဆီများအတွက် ဒေသတွင်းထွက်ရေနံကို ပြန်လည်ချက်လုပ်ထားသည့် စက်သုံးဆီများကို အသုံးပြုနေကြရသည်ဟု သိရသည်။

စစ်ကောင်စီနည်းတူ တော်လှန်ရေးတပ်ဖွဲ့များကလည်း စစ်ကိုင်းတိုင်းအတွင်းမြို့နယ်တချို့၌ စက်သုံးဆီကို ပိတ်ပင်ကန့်သတ်တာ၊ ရောင်းဝယ်ဖောက်ကားခွင့်မပြုတာလည်း ပြုလုပ်နေကြောင်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။