စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်မှုများကြောင့် ယခု ၂၀၂၄ ခုနှစ် နှစ်စကနေ ဇူလိုင်လအထိ ၇ လတာအတွင်း အရပ်သားပြည်သူ ၄၉၉ ဦး သေဆုံးခဲ့သည့်အပြင် ဒဏ်ရာရရှိသူ ၄၆၄ ဦး ရှိခဲ့ကြောင်း Data for Myanmar ၏ စာရင်းမှတ်တမ်းများအရ သိရသည်။
အရပ်သားပြည်သူ သေဆုံးမှု အများဆုံးဖြစ်ပွားသည့် ခရိုင်သည် စစ်ကိုင်းခရိုင်၊ ကလေးခရိုင်၊ မုံရွာခရိုင်နှင့် ရွှေဘိုခရိုင်တို့ဖြစ်ပြီး သေဆုံးသူ ၅၀၀ နီးပါးတွင် အဆိုပါခရိုင် ၄ ခုလုံးမှ သေဆုံးသူစုစုပေါင်း ၃၄၉ ဦးအထိရှိကြောင်း Data for Myanmar ဆိုပါသည်။
“စစ်ကိုင်းရဲ့အခြေအနေက အခုဘယ်လိုလဲဆိုတာက ဝင်ရလည်းခက် ထွက်ရလည်းခက်၊ လူဖမ်းတာဆီးတာတွေ နေ့တိုင်းလိုလို ရှိနေတယ်။ သူတို့ (စစ်သား) တွေကလည်း ဟိုရွေ့လိုက် ဒီရွေ့လိုက်နဲ့၊ ဒီဘက်မှာတော့ ပစ်ကြခတ်ကြတာတော့ သိပ်မရှိဘူး။ သူတို့တွေ ဝင်လာပြီဆိုရင် ကျန်းမာရေးက မကောင်းတဲ့ကြား တောထဲပြေးပုန်း နေရတာပေါ့” ဟု စစ်ကိုင်းတိုင်း၏ လက်ရှိအခြေအနေကို စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါသည်။
ဆက်လက်ပြီး အဆိုပါဒေသခံက “ဟိုနေ့ကလည်း ကလေးအမေတစ်ယောက် ဘာကြောင့်လဲမသိဘူး၊ ပစ်သတ်ခံလိုက်ရသေးတယ် ၊ဒီမှာက ဘာဖြစ်ဖြစ် တိုးတိုးတိတ်တိတ်ပဲ နေနေကြတော့တာ” ဟု ဆက်ပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း လစဉ်သေဆုံးသူ ပျမ်းမျှ ၇၁ ဦးနှင့် ဒဏ်ရာရသူ လစဉ်ပျမ်းမျှ ၆၆ ဦးအထိရှိနေကာ သေဆုံးသူများထဲတွင် အသက် ၁၈ နှင့်အထက် အမျိုးသားများ အများဆုံးဖြစ်ပြီး ၂၉၄ ဦးထိရှိခဲ့ပြီး၊ အမျိုးသမီး ၁၁၉ ဦး၊ ကလေးသူငယ်ဦးရေ ၄၀ ဦးနှင့် ကျား/မ/ကလေးသူငယ် ခွဲမရသူ ၄၆ ဦး အထိရှိနေသည်ဟု Data for Myanmar မှတ်တမ်းအရ သိရသည်။
သေဆုံးသည့် လအလိုက်ကိုကြည့်ပါက ဇွန်လတွင် သေဆုံးသူ ၆၅ ဦးနှင့် ဒဏ်ရာရရှိသူ ၁၁၃ ဦး စုစုပေါင်း ၁၇၈ ဦးရှိခဲ့ပြီး အရပ်သားထိခိုက်သေဆုံးသူ အများဆုံးလဖြစ်ကြောင်းနှင့် မေလတွင် ၁၆၉ ဦး၊ မတ်လတွင် ၁၅၉ ဦး ဖေဖော်ဝါရီလတွင် ၁၅၄ ဦး၊ ဇန်နဝါရီလတွင် ၁၄၆ ဦး၊ ဇူလိုင်လတွင် ၇၉ ဦး၊ ဧပြီလတွင် ၇၈ ဦးတို့ ဖြစ်သည်။
သေဆုံးသူများသည် အများအားဖြင့် လက်နက်ကြီး၊ ဒရုန်းနှင့် ဗုံးများကြောင့် ထိခိုက်သေဆုံးကြခြင်းဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများ၏ ညှင်းပန်းဖမ်းဆီးသတ်ဖြတ်မှုများ၊ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများကြောင့်လည်း ဒဏ်ရာရမှုများ၊ သေဆုံးမှုများရှိခဲ့သည်ဟု Data for Myanmar က ဆိုထားသည်။
ယခုလို အရပ်သားသေဆုံးမှုသည် စစ်ရေးဆိုင်ရာကျင့်ဝတ်များကို လိုက်နာမှုအားနည်းခြင်း၊ အရပ်သား ထိခိုက်မှုနည်းအောင် ကြိုတင်ကာကွယ်ဆောင်ရွက်မှု အားနည်းချက်ကြောင့်ဖြစ်ကြောင်း Data for Myanmar က သုံးသပ်ထားပြီး လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုကို အမြန်ဆုံး ရပ်တန့်ရန်လိုကြောင်းလည်း Data for Myanmar က ပြောဆိုထားသည်။
ရှမ်းနီအသံ ပေးပို့သည်။