ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့သွားသည့် ကားလမ်းတွင်ရှိသည့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များက ဒေသခံခရီးသွားလာသူများထံမှ ငွေညှစ်တောင်းယူမှုများရှိနေကြောင်း ဂွမြို့ဒေသခံများက ပြောသည်။
ရခိုင်ပြည်၏ တောင်ဘက်အစွန်ဆုံးမြို့ဖြစ်သည့် ဂွမြို့နယ်မှ ဧရာဝတီတိုင်းသို့သွားသည့် ကားလမ်းတွင် စစ်ကောင်စီတပ်၏ ဗေဒါစစ်ဆေးရေးဂိတ်၊ မောင်းတံစစ်ဆေးရေးဂိတ်၊ ကျောက်ခဲချောင်းစစ်ဆေးရေးဂိတ်နှင့် ရေနံ့သာစစ်ဆေးရေးဂိတ်တို့ရှိပြီး ထိုဂိတ်အသီးသီးက အတင်းအဓမ္မ ငွေညှစ်တောင်းယူနေခြင်းဖြစ်သည်ဟု ဂွမြို့ဒေသခံတစ်ဦးက ပြောသည်။
“ဂွမြို့နယ်ကနေ စထွက်ကတည်းက စစ်ဆေးတာပဲ။ ဂိတ်တွေလည်း များတယ်။ နာမည်မရှိဘဲ စစ်ဆေးရေးဂိတ်တွေလည်း ရှိတယ်။ အဲ့ဂိတ်တွေဆို ပိုပြီးငွေညှစ်တယ်။ အချိန်အကြာကြီးလည်း စစ်ဆေးတယ်။ ဆိုင်ကယ် တစ်စီးက ဘယ်လောက်ပေးရမယ်၊ ကားတစ်စီးက ဘယ်လောက်ပေးရမယ်ဆိုပြီး ငွေတောင်းတယ်” ဟု ၎င်းက ပြောသည်။
ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅ သောင်း၊ ကားတစ်စီးလျှင် ကျပ် ၁ သိန်း စသည်ဖြင့် ပေးရသည်ဟု ဂွမြို့ဒေသခံ ခရီးသွားများက ပြောသည်။
ဂွမြို့နယ်နှင့် ရခိုင်ပြည်ရှိ တခြားမြို့နယ်များမှ ဒေသခံများသည် ဧရာဝတီတိုင်းဘက်သို့ တနိုင်တပိုင် ခရီးသွား ကုန်သွယ်သွားလာလျှင်လည်း သယ်ယူလာသည့်ကုန်ပစ္စည်း အနည်းနှင့်အများ၊ အမျိုးအစားပေါ် မူတည်ပြီး အဆိုပါစစ်ဆေးရေးဂိတ်များက ငွေညှစ်တောင်းယူနေဟု ၎င်းတို့က ပြောဆိုသည်။
ယင်းအပြင် ရခိုင်မှ ရန်ကုန်သို့သွားသည့် ဒေသခံလူငယ်များကို သက်ဆိုင်ရာနယ်မြေရှိ စစ်ကောင်စီတပ် အရာရှိများနှင့် လဝကတို့၏ ထောက်ခံချက်စာရွက်များ ပါ/မပါ စစ်ဆေးခံရခြင်း၊ ငွေညှစ်တောင်းယူပြီး သွားလာခွင့်မပေးခြင်းတို့ ရှိနေကြသည်ဟုလည်း ဂွမြို့ဒေသခံများက ပြောသည်။
ဂွမြို့ခံလူငယ်တစ်ဦးက “တချို့လူငယ်တွေဆို သက်ဆိုင်ရာ အထက်အရာရှိ ထောက်ခံစာတို့၊ လဝက ထောက်ခံစာတို့ပေါ့နော်၊ ဒါပေမဲ့ သွားခွင့်ရလားဆိုတော့ မရဘူး။ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေကိုပဲ သွားခွင့်ပေးတယ်။ အရပ်သားလူငယ်တွေဆို မသွားရဘူး။ ငွေတောင်းလို့ ငွေပေးလိုက်ရတယ်။ မသွားရဘဲ သောင်တင်ကျန်လိုက်ကြတာတွေရှိတယ်” ဟု ပြောသည်။
စစ်တပ်အရာရှိများနှင့် လဝကတို့ထံမှ ထောက်ခံချက်စာရွက်များ တောင်းခံရာတွင်လည်း ငွေကြေးအမြောက်အများ ပေးဆောင်ရကြောင်းနှင့် ဂွမြို့တွင် စစ်ကောင်စီတပ်၏ ခမရ (၅၆၃) တပ်ရင်းနှင့် ခမရ (၅၆၂) တပ်ရင်းတို့ ရှိကြောင်း သိရသည်။
ဂွမြို့နယ်တွင် တိုက်ပွဲတစုံတရာ မဖြစ်သေးသော်လည်း စစ်ကောင်စီတပ်ရင်းတို့တွင် ခြံစည်းရိုး အခိုင်အမာ တပ်ဆင်ခတ်ထားခြင်း၊ ဂွမြို့နယ်ရှိ တောင်ကုန်းများတွင် လက်နက်ကြီး အထိုင်စခန်းချခြင်းနှင့် လုံခြုံရေး တိုးမြှင့်ခြင်းစသည့် စစ်ရေးလှုပ်ရှားမှုများ စစ်ကောင်စီတပ်က လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
နိရဉ္စရာ ပေးပို့သည်။