ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်တစ်ခုတွင် စစ်ရှောင်ပြေးသူများ ရာချီပိတ်မိနေ

By MPM 15 အောက်တိုဘာ, 2024 👁

ရခိုင်ပြည်၊ တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြင်းထန်နေတာကြောင့် ဒေသခံရွာသားများ ဂွမြို့ပေါ်ဘက်ကို ထွက်ပြေးလာကြရာတွင် စစ်ကောင်စီတပ်ဂိတ်က တားမြစ်ပိတ်ထားသည့်အတွက် စစ်ရှောင်ပြေးသူ ရာချီပိတ်မိနေသည်ဟု ဂွမြို့ခံများက ပြောသည်။

စစ်ရှောင်ပြေးသူများအား သွားလာခွင့်မပြုဘဲ ပိတ်ထားသောဂိတ်သည် ဂွမြို့မြောက်ဘက် ဂွ – သံတွဲ ကားလမ်းပေါ်ရှိ ရွာသစ်ကုန်းတံတားဂိတ် ဖြစ်ကြောင်းနှင့် သွားလာခွင့်ရရန်အတွက် အောက်တိုဘာ ၁၄ ရက်နေ့တစ်ရက်လုံး ဂိတ်တွင်စောင့်နေကြရသည်ဟု ပိတ်မိနေသည့် ဒေသခံတစ်ဦးက ပြောသည်။

“ခေါင်းပေါ်က ဒရုန်းတွေလည်း ပျံတယ်။ စစ်တပ်က ဒရုန်းတွေလွှတ်ထားတယ်ဆိုပြီး သွားခွင့်မပေးဘူး။ ဂွမြို့နယ် မြောက်ဘက်ကနေ တောင်ဘက်ကို ပြေးကြတာပါ။ ဆိုင်ကယ် အစီး ၅၀ လောက်ရှိပါတယ်။ လူကတော့ ရာကျော်ပါမယ်။ တစ်နေ့လုံး လက်နက်ကြီးသံတွေကြားထဲမှာ စောင့်နေခဲ့ကြရတယ်” ဟု အဆိုပါဒေသခံ ပြောသည်။

ပိတ်မိနေသော ဒေသခံကျေးရွာသားများမှာ ကူတို့လေးကျေးရွာ၊ သပြုချောင်းကျေးရွာ၊ ကြွေချိုင်ကျေးရွာနှင့် တိုင်ကျိုးကျေးရွာတို့မှ တိမ်းရှောင်လာသူများဖြစ်ကြပြီး အဆိုပါ ကျေးရွာများအနီးတွင် စစ်ကောင်စီနှင့် AA တပ်တော်တို့အကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူ ပိတ်မိနေသည့်ဒေသခံအမျိုးသမီးတစ်ဦးက “ဂိတ် မနေ့ (အောက်တိုဘာ ၁၃ ရက်) ကလည်း ပိတ်ထားတာက မနက်ကနေ ညနေ ၆ နာရီကျော်ထိပါ။ ၆ နာရီ ၃၀ လောက် နေဝင်ပြီးမှ ဖွင့်ပေးပါတယ်။ ဒီနေ့လည်း ဆက်ပိတ်ထားတယ်။ အသက်လု ထွက်ပြေးလာရသူတွေကို အခုလိုသွားလာခွင့်မပေးဘဲ ပိတ်ထားတာ အရမ်းခံစားရပါတယ်” ဟု ပြောသည်။

နှစ်ဖက်တပ်ကြား တိုက်ပွဲများပြင်းထန်သည့်အပြင် စစ်ကောင်စီက လေကြောင်းနှင့်ပါ တိုက်ခိုက်နေ၍ ကြောက်လန့်ပြီး ကျေးရွာများအတွင်းမှ စစ်ဘေးရှောင်ရန် ယခုလို ဂွမြို့ဘက်ကို ထွက်ပြေးလာစဉ် ပိတ်မိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ဒေသခံတစ်ဦးက “သူတို့က မနေ့ကတည်းကပဲ ထွက်လာကြတာပါ။ အခုက စစ်ပွဲပြင်းထန်ရုံမဟုတ်ဘဲ လေကြောင်းကလည်း ပစ်တယ်။ ကျေးရွာတွေကိုလည်း ဗုံးတွေကျတယ်။ အိမ်အထိအခိုက်နဲ့ လူအထိအခိုက်ရှိတယ်။ ဒါကြောင့်မနေရဲတော့ဘူးလေ။ တစ်ယောက်မှ မကျန် အကုန်စစ်ဘေးရှောင် လွတ်ရာကို ပြေးလာကြတာပါ။ အခုကဒီမှာ ရွာသစ်ကုန်းတံတား စစ်တပ်ဂိတ်မှာ ပိတ်မိနေပြီ” ဟု ပြောသည်။

စစ်ဘေးရှောင်များနှင့် အတူပါလာသော ကားနှင့်ဆိုင်ကယ်များသည် ရွာသစ်ကုန်းကျေးရွာမှ အလယ်ချောင်း ဘုရားနားထိ ၃ ဖာလုံခန့် ရှည်တန်းနေပြီး စစ်ကောင်စီက ပိတ်ပင်ထားတာကြောင့် ရှေ့ဆက်မသွားနိုင်ကြဘဲ ပိတ်မိနေကြခြင်းဖြစ်သည်။

နိရဉ္စရာ ပေးပို့သည်။