မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်းတွေထဲက ရဲ ၃ ဦး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောဆိုသည်။
“ညကြီးချောင်းကူးတာမှာ ရေကြောမသိဘဲနဲ့ ကူးပုံပါ၊ ကာကွယ်ရေးအဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်။ စခန်းက ထွက်သွားတဲ့လူတွေကတော့ တောထဲမှာ ပျောက်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါသည်။
သေဆုံးသွားတဲ့ ရဲ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက် မီးသဂြိုလ် ထားတယ်လို့လည်း အဆိုပါဒေသခံက ဆက်ပြောသည်။
ရေနစ်သေဆုံးသွားသူ ရဲတွေနဲ့အတူ စစ်လက်နက်ပစ္စည်းတွေပါ တွေ့ရှိထားတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက စစ်ဆေးဆောင်ရွက်နေတယ်လို့ ABSDF Column 3 ပြန်ကြားရေးရဲဘော် ပြည့်ဖြိုးကျော်က ပြောဆိုသည်။
မြေပြင်ရဲ့ဘော်တွေဆီက ABSDF Column 3 ကို သတင်းပေးပို့ချက်အရ အူဇီ ၁ လက်၊ G-3 ၁ လက်၊ Sting ၁ လက်၊ ၄၀ မမ ဗုံးသီးတွေနဲ့အတူ ရုပ်အလောင်း ၄ လောင်းကို ရေရှင်မကျေးရွာအနီးမှာ ဆယ်ယူရရှိထားတယ်လို့ ၎င်းက ပြောသည်။
ကန်ရွာရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ နာမကျန်းဖြစ်ပြီး လမ်းမလျှောက်နိုင်တဲ့သူတွေကို စခန်းနဲ့ အတူထားခဲ့ပြီး နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ထွက်ပြေးသွားပြီးနောက် ၃ ရက်အကြာမှာ ရဲတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ ဆိုသည်။
ဒါ့အပြင် ရေနစ်သေဆုံးသူတွေ ထပ်မံရှိလာနိုင်သေးတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ဒေသခံပြည်သူတွေဟာ ဆက်လက်ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောဆိုပါသည်။
သံလွင်တိုင်းမ် ပေးပို့သည်။