ဂန့်ဂေါမြို့ကပျူစောထီးရွာများကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လက်နက်များ လာဖြန့်ဝေ

By 8 ဖေ‌ဖော်ဝါရီ, 2024 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက PDF ရဲဘော်နှစ်ဦး မီးရှို့သတ်ဖြတ်ခံခဲ့ရသည့် မြောက်ခင်ရန်းရွာ အပါအဝင် ပျူစောထီးရွာတွေကို စစ်ကောင်စီတပ်က လေယာဉ်နှင့် လက်နက်တွေ ထောက်ပံ့ဖြန့်ဝေပေးခဲ့တယ်လို့ ဒေသခံတချို့က ပြောဆိုသည်။

မြေပြင်သတင်းရင်းမြစ်ထံကရရှိထားသော သတင်းဓာတ်ပုံတွေအရ စစ်တပ်ထောက်ပံ့ပေးသွားတဲ့ လက်နက်တွေဟာ G-3 အမျိုးအစား လက်နက်ငယ် ၃၀၀ ဝန်းကျင် ရှိတယ်လို့တွေ့ရပြီး ဘယ်လိုခွဲတမ်းချ ဝေပေးမလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်က လက်နက်ငယ်များနှင့် စစ်သုံးပစ္စည်းတွေကို ကလေးမြို့က တဆင့် MI – 17 လေယာဉ်နဲ့ ဟံသာဝတီပျူစောထီးကျေးရွာကို ဖေဖော်ဝါရီလ ၇ ရက်နေ့က လာရောက်ပေးခဲ့တာလို့ မျက်မြင်တွေ့ရှိခဲ့တဲ့ ဒေသခံတစ်ဦးက ပြောပါသည်။

“ ကလေးမြို့ကနေ လေကြောင်းနဲ့ သုံးခေါက်ပို့သွားတာ၊ ဘေးနားကရွာတွေကို ဖြန့်ဝေမယ်လို့ သိရတယ်။ တော်တော်များပါတယ်” လို့ အဆိုပါဒေသခံက ဆိုသည်။

ကလေးမြို့ကတဆင့် လက်နက်တွေသယ်ဆောင်ခဲ့တဲ့ MI-17 လေယာဉ်ဟာ မုံရွာ န.မ.ခ က တဆင့် တက်သွားတဲ့လေယာဉ်ဖြစ်တယ်လို့ ဒေသခံများပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီတပ်က ဖြန့်ဝေပို့လာတဲ့ အဆိုပါလက်နက်တွေကို ပျူစောထီးရွာတွေဖြစ်တဲ့ မြောက်ခင်ရန်း၊ ဟံသာဝတီ၊ လယ်ကြီး (အရှေ့၊ အနောက်)၊ ကုက္ကား၊ ဝင်ဝ၊ ရွှေမြစ်သာနှင့် ကလေးမြို့တောင်ပိုင်းက အင်းကျွန်း၊ ကျောက်ပြုတ်၊ ကြံသာ၊ မန်တာ စတဲ့ကျေးရွာတွေကို ဖြန့်ဝေပေးမှာဖြစ်ပြီး အဲဒီကျေးရွာတွေအားလုံးကို မြောက်ခင်ရန်းက ချုပ်ကိုင်ထားတာ ဖြစ်တယ်လို့ ဒေသခံတို့ထံက သိရသည်။

အဆိုပါကျေးရွာတွေကို လက်နက်နှင့် ရိက္ခာကူညီပေးဖို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လထဲက ဘူးလတ်လှဆွေ အပါအဝင် မ.ဘ.သ ဘုန်းကြီးတွေက ဝိုင်းဝန်းတောင်းဆိုခဲ့တာဖြစ်ပြီး ငါးလကျော်အကြာ အခုအချိန်မှာ စစ်ကောင်စီတပ်က လာရောက်ပေးအပ်ခဲ့လို့ သိရသည်။

ဂန့်ဂေါမြို့နဲ့ ကလေးမြို့တောင်ပိုင်းက ပျူစောထီးကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်နှစ်ကျော်ကြာ ပိတ်ဆို့ထားတာကြောင့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း ရှားပါးနေတဲ့အတွက် အဲဒီပျူစောထီးရွာတွေက အရပ်သားတချို့ PDF တွေဘက်ကို လာရောက်ခိုလှုံနေကြတယ်လို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဟာ မြောက်ခင်ရန်းကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲအတွင်း ရဲဘော် ၅ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ PDF ရဲဘော်နှစ်ဦးကို ပျုစောထီးတွေက အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တခု ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပျံနှံ့ထွက်ပေါ်လာခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။