မကွေးတိုင်း၊ ဂန့်ဂေါ်ခရိုင်တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်က ဂန့်ဂေါ၊ ထီးလင်းနှင့် ဆောမြို့နယ်များကို အကြောင်းမဲ့ လေယာဉ်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဒရုန်းများဖြင့်ပါ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ဘာမှမရှိဘူး။ စစ်ကြောင်းလည်း မရှိဘူး။ တိုက်ပွဲလည်း မရှိဘူး။ စုဝေးနေတာလည်း မရှိဘဲနဲ့ကို အကြောင်းမဲ့ ရွာသားတွေကို ဦးတည်ပြီး တိုက်ခိုက်တာမျိုးပါ။ ယောနယ်က လေကြောင်းကို အထူးဂရုစိုက်ဖို့ လိုပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ရေရှင်မရွာဘုရားကို နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၄၀ မိနစ်အတွင်း နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် ထီးလင်းမြို့နယ် ကျင်းမြောက်ရွာမှ လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်သည့်အတွက် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်။
အလားတူ ကျောက်ထုမြို့ ပန်းဆန်ကျေးရွာကို ကျောက်ထုအမြောက်တပ်မှ လက်နက်ကြီး၊ ဒရုန်းများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် သားအမိ ၂ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။
စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ်၊ ဂန့်ဂေါ ခလရ ၅၀ တို့မှ မကြာခဏ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အပြင် လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် ဂန့်ဂေါခရိုင်တွင် သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိလာကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။